နေပြည်တော် ဖေဖော်ဝါရီ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon.Boris Johnson MP အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက် ထားရှိမှုများအပါအ၀င် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေ များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဓနသဟာယရေးရာဝန်ကြီးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ရခိုင်ပြည် နယ် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ် ၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တို့သည် စစ်တွေမြို့မှ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစ္စလာမ် ဘာသာဝင်များနေထိုင်သည့် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာသို့ တပ်မတော်ရဟတ် ယာဉ်ဖြင့် ရောက်ရှိကြပြီး ကျေးရွာသားများနှင့် သီးခြားတွေ့ဆုံ၍ ကျေးရွာ မီးလောင်မှုဖြစ်စဉ်နှင့် နိုင်ငံတော်မှ ပံ့ပိုးကူညီပေးမှုများကို လွတ်လပ်စွာ တွေ့ဆုံ မေးမြန်းသည်။
ယင်းနောက် ကျေးရွာအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တို့သည် ကုန်းလမ်းမှ ပြန်လည်ဝင်ရောက် လာမည့်သူများကို ယာယီ လက်ခံမည့် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေး စခန်းသို့ရောက်ရှိကြသည်။
စခန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်မှစတင်၍ ကုန်းလမ်းမှ ပြန်လည် ၀င်ရောက် လာမည့်သူများအတွက် တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်း၊ ရေလမ်းမှ ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် ငါးခူရ ယာယီလက်ခံရေးစခန်း တို့ကို ဖွင့်လှစ်ထား ရှိမှု၊ စိစစ်အတည်ပြုပြီးသူများအား ခေတ္တတည်းခိုနေထိုင်ရန် လှဖိုးခေါင်ကြားစခန်း ဖွင့်လှစ်ထား ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည် စိစစ်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်မည့် ၀န်ကြီးဌာနများမှ ရုံးခန်းများ ဖွင့်လှစ်ထားမှု၊ ခေတ္တတည်းခို နေထိုင်ရေးအတွက် စီမံဆောင်ရွက်ထားမှုများ လိုက်လံရှင်းလင်းပြသသည်။
ညနေပိုင်းတွင် တောင်ပြိုလက်ဝဲမြို့မှ စစ်တွေမြို့သို့ ပြန်လည်ရောက်ရှိကြပြီး အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားသည်။
Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ
Reviewed by THITHTOOLWIN
on
20:22
Rating: