ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာန၏ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး


ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်တွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ နေရာတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ထိုသို့ AP သတင်းဌာနမှ သတင်းဖော်ပြမှုကြောင့် အခြားမီဒီယာများတွင် ဆင့်ပွားဖော်ပြခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ဝေဖန်ပြောကြားမှုများ၊ စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ရာ ဂူတာပြင်ကျေးရွာဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ စိစစ်တင်ပြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ နိုင်ငံတော်အစိုးရမှ လမ်းညွှန်ခဲ့သည်။

ယင်းလမ်းညွှန်ချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာနှင့် စပ်လျဉ်းသည့် AP သတင်းဌာန သတင်းဖော်ပြချက်နှင့် ပတ်သက်၍ ဖြစ်စဉ်မှန်ဖော်ထုတ် သိရှိနိုင်ရန် ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နယ်မြေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ လက်ထောက်မြို့နယ် ဆရာဝန်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ မြို့နယ်လ၀ကဦးစီးမှူး၊ မြို့နယ် လည်စီ/ စာရင်းအင်းဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး ပါဝင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီသည် ဘူးသီးတောင်မြို့နယ် ကံစိန်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဂူတာပြင်ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖ ၅ ဦးနှင့် ပြန်/ဆက်မှ မှတ်တမ်းတင် ၁ ဦး၊ စုစုပေါင်း ၁၇ ဦး ပါဝင်သည့် မြေပြင်ကွင်းဆင်း စစ်ဆေးသည့်အဖွဲ့အား စနစ်တကျ ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ တွင် ဂူတာပြင်ကျေးရွာတစ်ဝိုက် သွားရောက် စစ်ဆေးစေခဲ့သည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ဂူတာပြင် ကျေးရွာတွင် AP သတင်းဖော်ပြချက်ပါ ရုပ်အလောင်းများကို မြှုပ်နှံထားသည်ဟုဆိုသည့် နေရာများအား သွားရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ၄င်းအပြင် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ AP သတင်းတွင် ဖော်ပြခဲ့သည့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမျိုး ရှိ၊ မရှိ မေးမြန်းခဲ့ရာ ကျေးရွာသူ ရွာသားများက မရှိကြောင်း ပြောကြားခဲ့ကြသည်။

ဖြစ်စဉ်အမှန်မှာ ARSA အစွန်းရောက် အကြမ်းဖက်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့စဉ် ဂူတာပြင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဂူတာပြင်ကျေးရွာအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားများနှင့် ပူးပေါင်းထားသည့် ကျေးရွာအတွင်းမှရွာသားများပါဝင်သော အင်အား ၅၀၀ ခန့်က လူအုပ်ဖြင့် ၀င်လုံးတိုက်ခိုက်လာခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကပ်မလာရန် တားဆီးခဲ့သော်လည်း အတင်းဝင်ရောက် လုံးထွေးတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများက ကျေးရွာ၏တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း။

ARSA အစွန်းရောက်အကြမ်းဖက်သမားများက တုတ်၊ဓား၊ ဂျင်ကလိများ၊ လက်နက်ငယ်များဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံကာကွယ်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၉ လောင်းနှင့်အတူ အရိုး အသွား အရှည် ၂ လက်မခန့်ရှိ ဓားအရှည် ၈ ချောင်း၊ အရှည် ၂ ပေခန့်ရှိ သစ်သားတုတ် ၁ ချောင်း၊ အရှည် ၅ ပေခွဲခန့်ရှိ လှံချွန် ၃ ချောင်း၊ အရှည် ၄ ပေခန့်ရှိ သံလုံးချွန် ၂ ချောင်း၊ သစ်သားရိုးပါ အရှည် ၄ ပေခန့်ရှိ လှံချွန် ၁ ချောင်း၊ ၄ လက်မ အိမ်ရိုက်သံဖြင့် ပြုလုပ်ထားသည့် ဂျင်ကလိ ၃၂ ချောင်း၊ S&B တံဆိပ်ပါ (၇.၆) ကျည်ခွံ ၁၂ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

သေဆုံးခဲ့သည့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၉ ယောက်၏ အလောင်းကို စနစ်တကျ မြှုပ်နှံသဂြိုလ်ခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၇၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု ငြင်းဆန်ခြင်းမပြုဘဲ တိကျမှန်ကန် ခိုင်မာပြီး ယုံကြည်စိတ်ချရသည့် သက်သေအထောက်အထားများ ရရှိပါက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါ ချိုးဖောက်မှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

ယင်းမူဝါဒနှင့်အညီ AP သတင်းဖော်ပြချက်ပါ ဂူတာပြင်ဖြစ်စဉ်သတင်းနှင့် စပ်လျဉ်း၍ ဒေသခံရွာသားများ ပါဝင်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် စနစ်တကျ ကွင်းဆင်းစစ်ဆေးခဲ့သည့် ပဏာမစိစစ်ချက် အရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်၍ ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာများတွင်လည်း AP သတင်းဖော်ပြချက်ပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း၊ အချက်အလက် အထောက်အထားများ ရရှိမှုအပေါ် မူတည်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

Information Committee
https://www.facebook.com/InfomationCommittee/
ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာန၏ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာန၏ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး Reviewed by THITHTOOLWIN on 22:54 Rating: 5
Powered by Blogger.