ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလအတွင်း မြန်မာပြည်သွားမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဇန်န၀ါရီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာအပြင် ရိုဟင်ဂျာအရေး ဂျပန်အစိုးရရဲ့ စိုးရိမ်မှုတွေကိုလည်း တင်ပြ ဆွေးနွေးသွားမယ့်အကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မယ့် ဒီခရီးစဉ်အတွင်း ၀န်ကြီး Kono ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တည်ဆောက်နေတဲ့ ဒုက္ခသည်တွေစခန်းတွေကိုလည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခိုလှုံသွားကြရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းဝိုင်း မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြောဆိုနေတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အလားအလာတွေကြောင့် ဂျပန်အစိုးရအနေနဲ့ မြန်မာနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်မှာကိုတော့ မလိုလားဘူးလို့ ဆိုပါတယ်။ မြန်မာနဲ့ နိုင်ငံတကာအသိုင်းဝိုင်းကြား ဂျပန်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးတဲ့ အခန်းက ပါဝင်နိုင်မလား ဆိုတာကို ၀န်ကြီး Kono က ခရီးစဉ်အတွင်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီလလယ်လောက်မှာ သွားရောက်မယ့် ခရီးစဉ်အတွင်း နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပဋိပက္ခကို ပြေလည်အောင် ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုတာအပြင်၊ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်က ဘေးဒုက္ခရောက်နေသူတွေအတွက် ဂျပန်အစိုးရက အကူအညီပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားသွားမယ်လို့ ဆိုပါတယ်။

ဒါအပြင် စက်တင်ဘာလအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ မြောက်ကိုရီးယား ဆိုင်ရာ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ မပျက်မကွက် လိုက်နာဆောင်ရွက်ဖို့လည်း ၀န်ကြီး Kono က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ် ဖောက်ခွဲခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယား အလုပ်သမားတွေကို လက်မခံရေးလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးရှိနေသလို စီးပွားရေးအရလည်း အပြန်အလှန် ဆက်ဆံမှု ရှိနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလအတွင်း မြန်မာပြည်သွားမည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇန်န၀ါရီလအတွင်း မြန်မာပြည်သွားမည် Reviewed by THITHTOOLWIN on 06:49 Rating: 5
Powered by Blogger.