ရခိုင်ဂေဇက်၊ ဒီဇင်ဘာလ ၎
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေအတွင်း သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်ဖြစ်
စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပြီး စစ်တွေမြို့၊ ဓည၀တီအားကစားကွင်းရှိ အားကစားရုံတွင် လာရောက်ခိုလှုံနေသူ ဟိန္ဒူဘာသာဝင် ၅၀၀ ကျော် အား ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ကာ ၅ ရက်နေ့အထိ အစိုးရအစီအစဉ်နှင့် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါ ဟိန္ဒူဘာသာဝင် များထဲ မှ၃၀၀ ကျော်တို့မှာ မနေ့က ဒီဇင်ဘာလ ၃ ရက်နေ့က နေရပ်သို့ပြန်သွားခဲ့ကြပြီး ကျန်ရှိနေသည့် မိသားစုများမှာ ၅ရက်နေ့မှာ ပြန်သွားကြမည်ဖြစ်ကြောင်း၊ မောင်တောသို့ပြန်လည်ရောက်ရှိ လာကြသူများ နေထိုင်ရန်အတွက် ယာယီတဲ အဆောင်များ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
“ ၃ ရက်နေ့က အိမ်ခြေ ၉၈ စု၊ လူဦးရေ ၃၄၈ ယောက်ကို ပို့လိုက်တယ်။ ကျန်တဲ့ အိမ်ခြေ ၅၅ စုနဲ့ လူဦးရေ ၁၉၁ ယောက်ကိုတော့ မနက်ဖြန်ပို့မှာ ဖြစ်ပါတယ်။ အစိုးရကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေပါတယ်။ စားဖို့နေဖို့အတွက်ကိုရောပေါ့။ အားလုံးကိုတော့ တစ်စုတည်းထားမည်လို့ ကြားပါတယ်။ ရှေ့ကသွားတဲ့ သူတွေကို မောင်တော ခရကရုံးမှာ ထားပါတယ်။ ကျန်ရှိသူတွေလည်း အဲဒီမှဘဲ ထားမယ်လို့ သိရတယ်။ နေရပ်သွားတဲ့သူတွေ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်နိုင်ဖို့အတွက် လုပ်ပေးဖို့ကြားပါတယ်။’’ ဟု ဓည၀တီအားကစားကွင်း ဟိန္ဒူကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးဘုလှရွှေက ပြောသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဟိန္ဒူဘာသာဝင်များမှာ နေရပ်သွားလျှင် နေရပ်မှာ ပြန်လည်အခြေချနေထိုင်ရန်နှင့် ဘ၀လုံခြုံစိတ်ချမှုအတွက် စိုးရိမ်နေကြကြောင်း သိရသည်။
“ကျွန်မတို့ မနက်ဖြန်သွားရမှာ ဖြစ်ပါတယ်။ ကိုယ်နေခဲ့တဲ့ နေရာကို ပြန်မသွားချင်တော့ဘူး။ ဒီမှာဘဲ နေချင်ပါတယ်။ အစိုးရက သွားခိုင်းတော့လည်း သွားရမှာပေါ့။ စိတ်ထဲမှာတော့ မသွားချင်သေးဘူး။ ဒီမှာဘဲ လုပ်ကိုင်စားသောက်ပြီး နေချင်တယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ကြိမ်၊ ဒုတိယတစ်ကြိမ် ဒါက တတိယအကြိမ် ထွက်ပြေးလာကြရတာဖြစ်ပါတယ်။” ဟု မောင်တောမြို့ လေးမိုင်ရက်ကွက်မှ ဟိန္ဒူအမျိုးသမီး ဒေါ်မစုက ပြောသည်။
အေးအေးသန်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဟိန္ဒူဘာသာဝင်များ နေရပ်သို့ပြန်
Reviewed by THITHTOOLWIN
on
18:16
Rating:
![အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဟိန္ဒူဘာသာဝင်များ နေရပ်သို့ပြန်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj85Of6sNvRa63TWD-Dh5V_RlF0hDuodCxoesau1LxZmQoCx2M0gZiU7E6of0mzpLZzVkDqW2nN4IAfFnFxRYp7jQE6q6D3ItK04HAFQMC1JFNM1ohInIM6m8oYN2taWwVU70s3hO2VFjks/s72-c/6.jpg)