ကာလီဖိုးနီးယားပြည်နယ် စန်တာဘာဘရာဒေသတွင် ဒီဇင်ဘာလ(၁၆)ရက်နေ့က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လူနေအိမ်ခြေအမြောက်အမြား ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရကြောင်း ကာလီဖိုးနီးယားပြည်နယ် ၀န်ကြီးချုပ်ရုံးက ဒီဇင်ဘာလ(၁၇)ရက်နေ့တွင် အတည်ပြုထုတ်ပြန်သွားခဲ့သည်။ တောမီးအရှိန်မှာ ပြင်းထန်ခဲ့ပြီး ကာလီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုလည်း ဖြစ်ခဲ့ကြောင်း သိရသည်။
လေတိုက်နှုန်းသည်လည်း တစ်နာရီ မိုင်(၆၀)နှုန်းဖြင့် တိုက်ခတ်ခဲ့သည့်အတွက်ကြောင့် တောမီးလောင်ကျွမ်းမှု အရှိန်ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ တောမီးကြောင့် ကာလီဖိုးနီးယားပြည်နယ် စန်တာဘာဘရာဒေသတွင် ဒေသခံအမြောက်အမြား ဘေးလွတ်ရာသို့တိမ်းရှောင်လျက်ရှိသလို ကာလီဖိုးနီးယားပြည်နယ် မီးသတ်တပ်ဖွဲ့ဝင် များသည်လည်း နေ့ညမနား အင်အားအလုံးအရင်းဖြင့် တောမီးငြိမ်းသတ်မှု ပြုလုပ်နေကြောင်းလည်း သိရသည်။ စန်တာဘာဘရာဒေသရှိ နာမည်ကြီးချောကလက်ဆိုင်ဖြစ်သော Chocolate Maya အနီးသို့ တောမီးကူးစက်ခဲ့ကြောင်းကို ပိုင်ရှင်ဖြစ်သူ မာယာက “ကျွန်မဆိုင် ပြတင်းပေါက်မှန်ကနေ လှမ်းကြည့်လိုက်တော့ တောမီးက မိနစ်ပိုင်းအတွင်းဆိုင်အနားကို ရောက်လာတာတယ်။ မီးခိုးလုံးကြီးက အရမ်းကြောက်စရာကောင်းတယ်။ ဆိုင်တစ်ခုလုံး မီးခိုးလုံးကြီးဖုံးသွားတယ်။ လေတိုက်နှုန်းကလည်း အရမ်းမြန်တယ်။ လေတိုက်နှုန်းကြောင့် တောမီးလောင်ကျွမ်းမှု အရမ်းမြန်ဆန်သွားခြင်းဖြစ်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မဘ၀မှာ ဒီလောက်အထိ ဆိုးရွားတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ကျွန်မရဲ့ ချောကလက်အနီးမှာရှိတဲ့ စားသောက်ဆိုင်တွေလည်း တောမီးကြောင့် ပိတ်ထားရပြီ။ သူတို့တွေလည်း အရမ်းကြောက်လန့်ပြီး ဘေးလွတ်ရာ ခေတ္တတိမ်းရှောင်နေကြတယ်” ဟုပြောကြားသွားခဲ့သည်။
ကာလီဖိုးနီးယားပြည်နယ်မီးသတ်တပ်ဖွဲ့က စန်တာဘာဘရာတောမီးကို မြေပြင်မှ ငြိမ်းသတ်နေပြီး အမြန်ဆုံးမထိန်းချုပ်နိုင်ခဲ့ပါက လေကြောင်းမှတစ်ဆင့်ငြိမ်းသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကာလီဖိုးနီးယားပြည်နယ် စန်တာဘာဘရာဒေသတွင် တောမီးပြင်းထန်စွာလောင်ကျွမ်း
Reviewed by THITHTOOLWIN
on
16:05
Rating:
