ပဲခူးမှ စပါးခင်းများပျက်စီးမှုနဲ့ပတ်သက်၍ မြေနမူနာကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးနေ


ပဲခူးမြို့နယ်ရှိ ရှမ်းရွာကြီး၊ ပင်ချောင်၊ ကလိစတဲ့ကျေးရွာတွေက စပါးခင်းတွေမှာ စပါးပင်တွေခြောက်သွေ့ပြီး အမဲရောင်သမ်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြေနမူနာကို ရန်ကုန်မြို့ရှိ မြေအသုံးချရေးဌာနမှာ ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးနေတယ်လို့ သိရပါတယ်။

 စပါးပင်တွေ လောင်မီးကျသလိုခြောက်သွေ့ပြီး အမဲရောင်သမ်းတာဟာ ဓာတ်မြေသြဇာ၊ ပိုးမွှား(ဒါမှမဟုတ်) အခြားအကြောင်းအရာတွေကြောင့်လားဆိုတဲ့ အဖြေထွက်ရှိဖို့ မြေကြီးကို ထပ်မံဓာတ်ခွဲစစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

 ဒီဇင်ဘာလဆန်းပိုင်းက ဓါတ်ခွဲစစ်ဆေးတဲ့အဖြေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ရှာဖွေတဲ့အဖြေ မရရှိသေးတာကြောင့် ပြန်လည်စစ်ဆေးမှုပြုလုပ်ခိုင်းထားတာဖြစ်တယ်လို့ ပဲခူတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးအောင်ဇော်နိုင်က ပြောပါတယ်။

 ဒါ့အပြင် ဓာတ်မြေသြဇာမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ သီနှံပင်တွေကို ဆိုးကျိုးဖြစ်စေသလားဆိုတာနဲ့ တရားဝင်မှတ်ပုံတင်ထားတာရှိ၊မရှိကိုလည်း စစ်ဆေးသွားမှာဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဒေသတ၀ိုက်က တောင်သူတွေအနေနဲ့ လယ်မြေတွေထဲမှာ ဓာတ်ကြွင်းကျန်ရှိ၊ မရှိ စိုးရိမ်နေပြီး တိကျတဲ့အဖြေသိရမှသာ ပဲစိုက်ပျိုးရေးကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်လို့ ရှမ်းရွာကြီးကျေးရွာက တောင်သူဦးလှသိန်းက ပြောပါတယ်။

ဓာတ်ခွဲခန်းအဖြေရလဒ် အတိအကျထွက်ပေါ်လာချိန်မှာ ဓာတ်မြေသြဇာကြောင့် ဖြစ်ပွားတာဆိုရင် တောင်သူတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးဦးအောင်ဇော်နိုင်ကပြောပါတယ်။

နိုဝင်ဘာလဆန်းပိုင်း စပါးရိတ်သိမ်းချိန်မှာ ရှမ်းရွာကြီး၊ ပင်ချောင်၊ ကလိစတဲ့ကျေးရွာတွေက လယ်သမား(၃၇)ဦးရဲ့ လယ်ဧက(၂၀၀)ကျော်မှာ စပါးပင်တွေခြောက်သွေ့ပြီး အမဲရောင်သမ်းတာတွေ ဖြစ်ပွားခဲ့တာပါ။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ပဲခူးမှ စပါးခင်းများပျက်စီးမှုနဲ့ပတ်သက်၍ မြေနမူနာကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးနေ ပဲခူးမှ စပါးခင်းများပျက်စီးမှုနဲ့ပတ်သက်၍ မြေနမူနာကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးနေ Reviewed by THITHTOOLWIN on 16:41 Rating: 5
Powered by Blogger.