နိုင်ငံတကာက ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးဟောင်းတွေ ပါဝင်တဲ့ ရခိုင်အကြံပေးအဖွဲ့

အစိုးရက ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်ထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့မှာ ထိုင်းနိုင်ငံရဲ့ ဒုတိယ ဝန်ကြီးချုပ်ဟောင်းနဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ဆူရာကီယက် ဆတ်သီယာထိုင်းပါဝင်လာပါတယ်။

ဒေါက်တာ ဆူရာကီယတ်ထိုင်းဟာ ၁၉၉၅ ခုနစ်က သမိုင်းတလျှောက် အသက်အငယ်ဆုံး ဘဏ္ဍာရေးဝန်ကြီးဖြစ်လာခဲ့ပြီး သက်ဆင်အစိုးရလက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဟားဗတ် ဥပဒေကျောင်းကနေ ဥပဒေဆိုင်ရာ Ph.d ရရှိခဲ့တဲ့ ပထမဆုံး ထိုင်းနိုင်ငံသာ တဦးလည်း ဖြစ်သလို သက်ဆင်လက်ထက်မှာ သူ့ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးနေရာ တင်သွင်းဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက ပြောပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဆူရာကီယက် ဆတ်သီယာထိုင်း
သူ့ရဲ့ ဘွဲ့ယူစာတမ်းကတော့ နိုင်ငံတကာ ဥပဒေတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကျယ်တဝင့်ဖော်ပြမှု ၊ နိုင်ငံတကာငြိမ်းချမ်းရေး ၊ တတိယနိုင်ငံတွေနဲ့ အဆက်အစပ်အကြောင်းကို အဓိကထားရေးသားခဲ့တာဖြစ်ပါတယ်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာဖွဲ့စည်းပေးခဲ့တဲ့ အကြံပေးအဖွဲ့မှာ အမေရိကန် သမ္မတ ကလင်တန်လက်ထက်က နယူမက္ကစီကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးနဲ့ စွမ်းအင်ဝန်ကြီးရာထူးတွေကို ရယူခဲ့တဲ့ ဘေလ်ရစ်ချတ်ဆင်လည်း ပါဝင်လာပြီး တောင်အာဖရိက ဆွေးနွေးပွဲတွေအတွင်းက လူဖြူတွေဘက်က ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ရိုဖ့်မေယာလည်း ပါဝင်လာပါတယ်။

ရို့ဖ်မေယာဟာ တောင်အာဖရိကရဲ့ ကာကွယ်ရေးဝန်ကြီး ၊ အခြေခံ ဥပဒေရေးရာဝန်ကြီးတွေအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ ဖွင့်ပွဲ အခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့ဖူးပြီး မကြခဏ မြန်မာနိုင်ငံကို လာရောက်သူဖြစ်တဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ နည်းစနစ်ဆိုင်ရာ အကြံပေး ခဲ့သူလည်း ဖြစ်ဖွယ်ရှိတယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။
 တောင်အာဖရိက ဆွေးနွေးပွဲခေါင်းဆောင်ဟောင်းကို စစ်တပ် ၊ တိုင်းရင်းသား ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ တွေ့ရစဉ်
အဖွဲ့ဝင် ၁၀ ဦးပါတဲ့ အဲဒီအကြံပေးအဖွဲ့ဟာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို အကြံပြုချက်တွေ ပေးရမှာဖြစ်သလို အဲဒီအဖွဲ့မှာ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြအပါဝင် မြန်မာ ၅ ဦးလည်း ပါဝင်မှာဖြစ်ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ကော်မရှင်တွေရဲ့ အကြံပြုချက်တွေမှာ အကောင်ထည်ဖော်ရေးဆောင်ရွက်ရာမှာ မြေပြင်အခြေအနေတွေအပေါ် မူတည်ပြီး အကျိုးရှိရှိ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့အတွက် အကြံဉာဏ်တွေရယူနိုင်ဖို့ ပြည်တွင်းပြည်ပ ပညာရှင်တွေ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ၊ အတွေ့အကြုံရှိသူတွေနဲ့ ဖွဲ့စည်းရမယ်လို့ ပါရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
နိုင်ငံတကာက ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးဟောင်းတွေ ပါဝင်တဲ့ ရခိုင်အကြံပေးအဖွဲ့ နိုင်ငံတကာက ဒုတိယဝန်ကြီးချုပ်နဲ့ ဝန်ကြီးဟောင်းတွေ ပါဝင်တဲ့ ရခိုင်အကြံပေးအဖွဲ့ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.