ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်ကိစ္စ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စိစစ်ဆောင်ရွက်ကြောင်း ကချင်နယ်လုံဝန်ကြီး ပြော
![]() |
ကချင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တနိုင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက တနိုင်းဒေသဘက် ဆန် နဲ့ စက်သုံးဆီသယ်ယူနိုင်ရေးနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းနေစဉ်/ Photo: Kyaw Myo Min/ RFA |
တနိုင်းမြို့နယ်ကို စက်သုံးဆီ နဲ့ ဆန်ကုန်တင်ယာဉ်တွေ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုရေးနဲ့ ပတ်သက်ပြီး တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းရဲ့ မေးမြန်းမှုကို ဗိုလ်မှူးကြီး သူရမျိုးတင် က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"စက်သုံးဆီ နဲ့ ဆန်တွေကို အသုံးပြုပြီးတော့ တရားဥပဒေစိုးမိုးနိုင်မှုမရှိသေးတဲ့ နယ်မြေတွေမှာ ၄င်းအဖွဲ့ထံသို့ ဆက်ကြေးရိက္ခာများပေးဆောင်ပြီး ရွှေ၊ ကျောက် နဲ့ ပယင်းများကို တရားမဝင်ထုတ် လုပ်မှုများရှိနေပါကြောင်း၊ ကေအိုင်အေ ကချင်အဖွဲ့ရဲ့ အဖျက်အမှောင့်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အားပေး ကူညီရာရောက်တဲ့အတွက် စက်သုံးဆီ နဲ့ ဆန်တွေကို လိုအပ်တာထက် ပိုမိုဝင်ရောက်မှုမရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထိန်းသိမ်းကြပ်မတ်ပေးဖို့ ဆောင်ရွက်ပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်ရဲ့ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းအကြောင်းကြားခဲ့ပါတယ်"
တနိုင်းက ဒေသခံပြည်သူတွေအတွက် လုံလောက်စွာသယ်ယူခွင့်ပေးထားပြီး တရားမဝင်ဒေသတွေဘက်ကို ဆန် နဲ့ စက်သုံးဆီတွေ လိုအပ်တာထက်ပိုမို မဝင်ရောက်နိုင်ရေးအတွက် စိစစ်မှုတွေပြုလုပ်သွားမယ့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံ အသိပေးပြီး ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
လူတစ်ယောက်ကို တစ်ရက် နို့ဆီဗူး ၃ ဗူး နှုန်း နဲ့ အချိုးချမယ်ဆိုရင် တနိုင်းဒေသက လူဦးရေ ၃ သောင်းကျော် အတွက် တစ်လစာ လိုအပ်တဲ့ ဆန်အိတ် ၁ သောင်းကျော်ဟာ ဒေသထွက်ဆန် နဲ့ လုံလောက်မှုရှိတယ်လို့လည်း ဗိုလ်မှူးကြီး သူရမျိုးတင် က ပြောပါတယ်။
ရှင်ဗွေယန်မြို့မှာ နေထိုင်ကြသူတွေနဲ့ တနိုင်းမြို့နယ်က ရွှေ့ပြောင်းလုပ်သားတွေအတွက် နောက်ထပ် လိုအပ်တဲ့ ဆန်အိတ် ၇ ထောင်ကျော်ကိုတော့ အစိုးရက စိစစ်ခွင့်ပြုပေးနေသလို တနိုင်းဒေသ အတွက် တစ်လစာ စက်သုံးဆီ ပေပါ ၂၃၀၀ ကျော်ကိုလည်း သယ်ယူခွင့်ပြုနေတယ်လို့ ဆိုပါတယ်။
မြေပြင်မှာတော့ ပြည်သူတွေဟာ ဆန် နဲ့ စက်သုံးဆီဝယ်ယူရရှိနိုင်ဖို့ အခက်အခဲတွေရှိနေပြီး ဈေးနှုန်းမြင့်တက်မှုတွေ နဲ့ ကြုံနေရကြောင်း၊ အစိုးရအဖွဲ့ရဲ့ဆောင်ရွက်မှုဟာ လျော့ရဲနေကြောင်း တနိုင်းကိုယ်စားလှယ် ဦးဇော်ဝင်းက ထပ်ဆင့်မေးခွန်းမေးပြီး ဆွေးနွေးခဲ့ပါတယ်။
အစိုးရတပ်မတော် နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ တနိုင်းဒေသမှာ ရွှေ၊ ပယင်း နဲ့ သစ်တောထွက်ပစ္စည်းတချို့ကို တရားဝင်ရော ၊ တရားမဝင်ပါ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်ကိစ္စ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စိစစ်ဆောင်ရွက်ကြောင်း ကချင်နယ်လုံဝန်ကြီး ပြော
Reviewed by THITHTOOLWIN
on
18:19
Rating:
![ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်ကိစ္စ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စိစစ်ဆောင်ရွက်ကြောင်း ကချင်နယ်လုံဝန်ကြီး ပြော](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip_ccjUPGwaq-OCz0cGoO-CxPtIMoFSJPB6wD-z9Du7nrTwSNeGINZ8tIGA2pN3rR6d8PkUov-4ZZR4veLnKGCV4EKxTIKAOrKBBHEgwxhpjH2Z8B59O6RVDYlUEvV-vwFGwKSXKF-Vh12/s72-c/7.jpg)