မူဆယ်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့ လုံခြုံရေးယူထား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီး မိုင်းယုကျေးရွာမှာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီး ကျရောက်ခဲ့သည့် နေရာ ကိုတွေ့ရစဉ်/ Photo: Khun Thein Zaw Oo/ Facebook
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးမှာ မနေ့က လက်နက်ကြီးကျရောက်ပြီး လူထိခိုက် သေဆုံးမှု ရှိခဲ့တာကြောင့် မူဆယ်မြို့ပေါ်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လုံခြုံရေးယူထားတယ်လို့ မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူး အေးမြင့်က ဒီနေ့ ပြောပါတယ်။

မနေ့ညနေပိုင်းက မူဆယ် ၁၀၅ မိုင်အနီးက မိုင်းယုကျေးရွာမှာ  လက်နက်ကြီးကျရောက်လို့ ဒေသခံ ကလေးတစ် ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တာဖြစ်ပါတယ်။

မနေ့ကပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကပစ်တယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ဒုရဲမှူး အေးမြင့်က ပြောပါတယ်။

" နယ်မြေလုံခြုံရေး အခြေအနေကတော့ ကျတော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်၊ တပ်မတော်ရယ် ၊ပြည်သူ့စစ် အဖွဲ့ရယ် ပူးပေါင်းပြီးတော့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်၊ ဘယ်သူက လုပ်ပါတယ်လို့ တရားခံမိထားတာမဟုတ်တဲ့အတွက် ဘယ်သူလုပ်ပါတယ်လို ပြောလို့မရဘူး၊ သောင်းကျန်းသူ အဖွဲ့အစည်း တစ်ခုခုလို့ပဲပြောလို့ရမယ်"

လက်နက်ကြီးကျရောက်တာကြောင့် ခြေထောက်နဲ့ ခါးမှာ လက်နက်ကြီးထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာရခဲ့တဲ့ အသက် ၃ နှစ်ဝန်းကျင် ကလေး နဲ့ အသက် ၆၀ ၀န်းကျင် အဖိုးဖြစ်သူတို့ဟာ မူဆယ်ဆေးရုံကနေ တရုတ်ပြည် ရွှေလီဆေးရုံမှာ မနေ့က ရွှေ့ပြောင်းပြီး  ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

အခုလို မူဆယ်မြို့ပေါ်ကို  လက်နက်ကြီး ကျရောက်ခဲ့တဲ့ ဖြစ်စဉ်က မူဆယ်မြို့မှာ  ဒီနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း ဒုရဲမှူး အေးမြင့် က ပြောပါတယ်။

မနေ့က မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်းအနီး လက်နက်ကြီးကျရောက်ခဲ့ပေမယ့် ကုန်သွယ်ရေးကို ထိခိုက်မှုမရှိ ဘဲ ပုံမှန်ကုန်သွယ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
မူဆယ်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့ လုံခြုံရေးယူထား မူဆယ်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့ လုံခြုံရေးယူထား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.