လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂၅ ဦး ဒဏ်ရာရခဲ့လို့ ပါလက်စတိုင်းဘက်က ပြော |
စနေနေ့ အစောပိုင်းက အစ္စရေးလ်စစ်တပ်ဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် အဖွဲ့ဘက်က ရော့ကက်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ အစ္စရေးလ်ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ဂါဇာကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ၃ လုံးဟာ အစ္စရေးလ်နိုင်ငံထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အမေရိကန် သမ္မတထရန့်က ဂျေရုဆလင်ကို အစ္စရေးလ်မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီးနောက်မှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးလ်အနေနဲ့ ဂျေရုဆလင်ကို သူတို့ရဲ့ မြို့တော်အဖြစ် အမြဲသဘောထားခဲ့တာဖြစ်ပြီး ၁၉၆၇ ခုနစ် အာရပ် - အစ္စရေးလ်စစ်ပွဲအပြီး သိမ်းပိုက်ခံခဲ့ရတဲ့ ဂျေရုဆလင် အရှေ့ပိုင်းကို ပါလက်စတိုင်းတို့ကလည်း အနာဂတ် ပါလက်စတိုင်း မြို့တော်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အစ္စရေးလ်တပ်ဖွဲ့တွေဟာ ဟားမတ်စ်တွေရဲ့ နေရာအချို့ကိုလည်း သေကြာနေ့က စီးနင်းခဲ့ကြပြီး စနေနေ့ အစောပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားတဲ့ နေရာတွေ ၊ ဂိုဒေါင်တွေနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ဦးတည် တိုက်ခိုက်ခဲ့တာလို့ အစ္စရေးလ် စစ်တပ်က ပြောပါတယ်။
ဂါဇာက ရှီဖာဆေးရုံကတော့ အပျက်အစီးတွေအကြားက ပါလက်စတိုင်းနှစ်ဦးရဲ့ အလောင်းကိုတွေ့ရပြီး အစ္စရေးလ် လေယာဉ်တွေဟာ တညလုံးဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုတွေနဲ့ တင်းမာမှုတွေကြောင့် သေဆုံးမှု အရေအတွက်လည်း တိုးလာနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဒဏ်ရာရရှိသူ ၁၆၀ လောက်ရှိလာခဲ့ပါတယ်။ ဂါဇာက လူနေထူထပ်တဲ့ နေရာတွေကို အစ္စရေးလ်ဘက်က တိုက်ခိုက်ခဲ့တဲ့ သောကြာညပိုင်းမှာ အလောင်း ၂ လောင်းဟာ ဆေးရုံကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ဂါဇာဘက်ကနေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တလုံးကို အစ္စရေးလ်က ဒုံးခွင်းဒုံးစနစ်နဲ့ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အခြားတလုံးကတော့ ဆဒါရော့နယ်က လူမနေတဲ့ ကွင်းပြင်ထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ အစ္စရေးလ်က ကြေညာပါတယ်။
သောကြာနေ့ အစောပိုင်းကတော့ ဟားမတ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဖာတီဟမ်မတ်က ဂျေရုဆလင်ကို သံရုံးပြောင်းရွှေ့တဲ့ ဘယ်သူမဆို ပါလက်စတိုင်းရဲ့ ရန်သူအဖြစ် သတ်မှတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပါလက်စတိုင်း မီဒီယာတွေကတော့ အနည်းဆုံး ပါလက်စတိုင်း ၂၀ဝ ကျော်ဟာ ဒီ ဂျေရုဆလင်အရေး အငြင်းပွားဆန့်ကျင်မှုအတွင်း ဒဏ်ရာရခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဂျေရုဆလင်မြို့ဟောင်းက ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ နေရာတွေ |
အရှေ့ဂျေရုဆလင်မှာ ပါလက်စတိုင်း ၃ သိန်းကျော် နေထိုင်ပြီး ဂျူး ၂ သိန်းကျော်လည်း နေထိုင်ကာ ဒါဇင်နဲ့ချီတဲ့ ဂျူးအခြေစိုက် အိမ်ယာတွေကိုလည်း အစ္စရေးလ်ဘက်က အကောင်ထည်ဖော်နေတာ ဖြစ်ပါတယ်။
ဂျေရုဆလင်ဟာ အစ္စရေးလ်ကော ပါလက်စတိုင်းအတွက်ပါ အရေးကြီးတဲ့ နေရာဖြစ်ပြီး ဂျူး ၊ အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာလည်း ဖြစ်ပါတယ်။
အရင်က ဂျော်ဒန်က ထိန်းချုပ်ထားခဲ့တဲ့ အဲဒီနယ်မြေကို အစ္စရေးလ်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဂါဇာက ဟားမတ်စ်ရဲ့ နေရာတွေကို အစ္စရေးလ် တိုက်ခိုက်
Reviewed by THITHTOOLWIN
on
17:04
Rating: