ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ |
မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာနေ ဦးနေစိုးထွန်း(ခ) စိုးကြီး တောင်သူလုပ်ကိုင်သူသည် ကြားကျေးရွာမှ စပါးရိတ်ပြီး နေအိမ်သို့ပြန်လာစဉ် နေအိမ်တဲ့အတွင်း၌ ဇနီးဖြစ်သူမလှိုင်မာဝင်း (၂၉)နှစ် (ကိုယ်ဝန် ၇လခန့်)ရှိသူသည် လည်ပင်းပြတ်ရှဒဏ်ရာ၊ ဝဲလက်ညှိုးပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် မတ္တရာမြို့မရဲစခန်းသို့ အကြောင်းကြားလာပါသည်။
အခင်းဖြစ်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်သိန်း၊ မတ္တရာမြို့မရဲစခန်းမှူးဒုရဲမှူးခင်ဝင်းဇော်၊ နယ်ထိန်ခေါင်းဆောင်နှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူ၏ လည်ပင်းတွင် ဝတ်ဆင်ထားသော (၁)ကျပ်သားခန့် ရွှေဆွဲကြိုး ကာလတန်ဖိုး(၁၀)သိန်းကျပ်ခန့်နှင့် ဝဲဘက်လက်သန်းတွင် ဝတ်ဆင်ထားသော (၁)မတ်သားခန့် ရွှေလက်စွပ်တစ်ကွင်း ကာလတန်ဖိုး(၂)သိန်းကျပ်တို့မှ ပျောက်ဆုံးနေသည်။
နေအိမ်တဲရှေ့ဘက် ပေ(၂၀၀)ခန့်အကွာတွင် အရိုးအသွား(၁၁)လက်မခန့်ရှိ ဓားမြှောင်(၁)ချောင်းအား မြေတွင်စိုက်လျှက်တွေ့ရှိရပြီး ဓားနှင့်(၁၂)ပေခန့်အကွာ ကုက္ကိုလ်ပင်အောက်တွင် သွေးစွန်းနေသော ကျားဝတ်အင်္ကျီ(၁)ထည်နှင့် ကွက်စိပ်အစိမ်းရောင် ပုဆိုးအသစ်(၁)ထည်တို့တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်မှ လူသတ်၍ ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်များ ယူဆောင်သွားသူအား စုံစမ်းဖော်ထုတ်ပေးပါရန် ဒီဇင်ဘာ ၂ရက် ၁၉နာရီ၄၅ မိနစ်အချိန်တွင် ဦးနေစိုးထွန်း(ခ)စိုးကြီး မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မတ္တရာမြို့မရဲစခန်းမှ အမှုရေးဖွင့်ပြီး အမှုအားဒုရဲမှူးခင်ဝင်းဇော်မှ လက်ခံစစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ ရွှေဆွဲကြိုးနှင့် ရွှေလက်စွပ်များ ယူဆောင်သွား
Reviewed by THITHTOOLWIN
on
21:23
Rating: