အချိန်အခါမဟုတ်မိုးကြောင့် မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းတွင် ကားများ ရွံ့နစ်ပြီး သွားလာရခက်ခဲနေ


မုံရွာ ၁၀ ဒီဇင်ဘာ

ဗျူဟာလမ်း မဟာမြိုင်လမ်းဟုလူသိများသော မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း တွင် အချိန်အခါမဟုတ် မိုးရွာသောကြောင့် ကားများရွံ့နစ်နေပြီး သွားလာရမှု ခက်ခဲကာ ခရီးသည်များ ဒုက္ခတွေ့နေကြောင်း သိရသည်။

အောင်ချမ်းသာနှင့် ယုဇလယ်ကြားရှိ တံတားကွင်းလမ်းတွင် ကားများပိတ်မိနေသလို ကားအသေးများကို ဆွဲထုတ်ပေးမည့် ယာဉ်မရှိဖြစ်နေပြီး မုံရွာမှလာသော ယာဉ်အများစု ရွံ့နစ်ကာ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မိုးမှာတစိမ့်စိမ့်ရွာနေပြီး လူအင်အားဖြင့်တွန်းထုတ်သော်လည်း အရာမရောက်ဖြစ်နေ ကြောင်း မုံရွာကားဂိတ်မှ သိရသည်။ မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းသည် အထက် ချင်းတွင်းဒေသ ချင်းတောင်ခြေ ဒေသနှင့်ကဘော်ဒေသများသို့ဆက်သွယ်ထားသည့် ၄၆၇မိုင်၁ ဖာလုံ ရှည်လျားသော လမ်းဖြစ်သည်။

၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်မှ ၂၀၁၅-၁၆ဘဏ္ဍာနှစ်အထိ ၅ နှစ်တာအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေစုစုပေါင်း ၃၅ ဒသမ ၆ ဘီလီယံနှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၁၃ ဒသမ ၄၃ ဘီလီယံတို့ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခင်ကတည်းက အဆိုပါလမ်းကို အသုံးပြုခဲ့ပြီး အထက်ချင်းတွင်းဒေသ အပါအဝင် အဆိုပါနယ်များမှ မုံရွာ-မန္တလေးဒေသများသို့ သွားလာရာတွင် အသုံးပြုနေခြင်းဖြစ်သည်။ လမ်းကောင်းသော ဂန့်ဂေါဘက်မှ လှည့်သွားလျင် မိုင်အရေအတွက် ပိုများပြီး ယာကြီးလမ်းမှာ သုံးမရ၍ သွားသူနည်းနေပြီး ယခုလမ်းတွင် တံတားများလုပ်နေ၍ ကွင်းလမ်းမှ သွားနေရရာ အဆိုပါ ကွင်းလမ်းမကောင်းသည့်အတွက် မိုးရွာလျင် ဒုက္ခတွေ့ နေခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်-း မုံရွာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အချိန်အခါမဟုတ်မိုးကြောင့် မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းတွင် ကားများ ရွံ့နစ်ပြီး သွားလာရခက်ခဲနေ အချိန်အခါမဟုတ်မိုးကြောင့် မုံရွာ-ရေဦး-ကလေးဝ-မော်လိုက်-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းတွင် ကားများ ရွံ့နစ်ပြီး သွားလာရခက်ခဲနေ Reviewed by THITHTOOLWIN on 19:47 Rating: 5
Powered by Blogger.