![]() |
ဘားအံမြို့ သံလွင်ပါရဒိုက်ဟိုတယ်မှာ လွန်းညတောင် ကျောက်ထုတ်လုပ်ရေးကိစ္စ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် / Photo: Kyaw Lwin Oo/ RFA |
ကျောက်ထုတ်ယူဖို့ စီစဉ်နေတာကို ကန့်ကွက်ကြောင်း ဒီနေ့ ဘားအံမြို့ သံလွင်ပါရဒိုက်ဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ဖို့အတွက် ကန့်ကွက်တဲ့ လက်မှတ်တွေ ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ကျောက်မိုင်းထုတ်လုပ်မှာကို ဒေသခံတွေကို ပွင့်လင်းမြင်သာစွာချမပြဘဲ ဘုန်းကြီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကိုပဲ အသိပေးလုပ်ကိုင်နေတာကြောင့် ကန့်ကွက်ကြတာလို့ လွန်းညစံပြကျေးရွာသား ဦးစောလှငွေ က ပြောပါတယ်။
အာရှအဝေးပြေးလမ်းဖောက်လုပ်နေတဲ့(C.R.B.C) China Road and Bridge Corporation နဲ့ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီတို့ ပူးပေါင်းပြီး လွန်းညတောင်ကနေ ကျောက်ကျင်းပေါင်း တစ်သိန်းသုံးသောင်းကို တစ်နာရီ ကျင်း ၂၀၀ ကျတဲ့ စက်ကြီးတွေနဲ့ သုံးနှစ်ကြာထုတ်လုပ်ဖို့ သံဃာတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း လွန်းညတောင်ပတ်ချာလည်မှာ ဒေသခံအုပ်ချုပ်ရေးမှူးတွေက ဖွံ့ဖြိုးရေးအတွက်ဆိုပြီး တစ်နိုင်တစ်ပိုင်ကျောက်မိုင်းပေါင်း ၂၀ကျော်ထုတ်လုပ်နေပြီး အဲဒီမိုင်းတွေကိုပါ ပိတ်သိမ်းစေချင်တယ်လို့ ရွာသားတွေကပြောပါတယ်။
လွန်းညတောင်ကိုအမှီပြုပြီး လွန်းည၊ ကမော့မို၊ ကော့ခေရွာ၊ တံတားဦး၊ မြပြည်၊ ကျော့ရွာ၊ ခနိမ်းဒိုနဲ့ အန္ဒို စတဲ့ကျေးရွာတွေဟာ ရေအရင်းအမြစ်နဲ့ အခြားသစ်ဝါးတွေကို ထုတ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။
အဲဒီတောင်ကနေ ကျောက်ထုတ်လုပ်မယ်ဆိုရင် ရေရှားပါးမှုတွေကြုံတွေ့လာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အာရှအဝေးပြေးလမ်းကို မြဝတီကနေ ကော့ကရိတ်မြို့အထိ ဖောက်လုပ်ပြီးစီးဖြစ်ဖြစ်ပြီး ကော့ကရိတ် အိန္ဒူလမ်းပိုင်းမှာအသုံးပြုဖို့အတွက် လွန်းညတောင်ကနေ ကျောက်ထုတ်လုပ်ဖို့ စီစဉ်လာတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
လွန်းညတောင်ကနေ ကျောက်ထုတ်ယူဖို့ကိစ္စ ဒေသခံတွေ ကန့်ကွက်
Reviewed by THITHTOOLWIN
on
18:14
Rating:
![လွန်းညတောင်ကနေ ကျောက်ထုတ်ယူဖို့ကိစ္စ ဒေသခံတွေ ကန့်ကွက်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq8VTjFTycmQ91eya51p7Pc_UPeJIGqKtcBY1P2iVjEPHaSB_dUkNBuLqMHHuvwWS_FLvQO0ojj3ofa_Pw-0jU_FLtTEebvuqDcdTxkA3_9z2lIYQk7RKXundtKYqZWINr65M-WW8ZP2Ae/s72-c/5.jpg)