![]() |
ရခိုင်ပြည်နယ်မှာ တာဝန်ယူနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ |
နိုဝင်ဘာ ၂၀ရက် ညနေ ၂နာရီနောက်ပိုင်းမှာ ခမရ ၅၄၂ ကျောက်ဖြူ အခြေစိုက် တပ်ရင်းရဲ့ ထိုးဖောက် ၀င်ရောက်မှုကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၂၁ မနက်မှာ ဆိုရင် လက်နက်ကြီးနဲ့ ခြေလျင်တပ်တွေက ထိုးလာတာ တွေ့ရတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခ က ဘီဘီစီကို ပြောပါတယ်။
ပလက်ဝ မြို့နယ် ဆယ်ရွာ ၊ တံခါးဝနဲ့ မူဟင်းရှိုင်းဝါး ရွာကြား ၊ ပလက်ချောင်း ကမ်းနံဘေးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ တိမ်းရှောင်နေပြီး အခုဆိုရင် စစ်ရှောင်း ဒုက္ခသည် ခြောက်ရာနီးပါး ရှိလာပြီလို့ သူက ဆိုပါတယ်။
နိုဝင်ဘာ ၁ရက်နေ့ကစလို့ တပ်မတော်ရဲ့ အမြစ်ပြတ် ချေမှုန်းရေးလို့ ကြွေးကြော်ပြီး ထိုးစစ် ဆင်လာတာကြောင့် သူတို့ အနေနဲ့ ခုခံရတာပါလို့ ခိုင်သုခ က ပြောပါတယ်။
တလောတုန်းက စစ်သားတွေနဲ့ အရပ်သားတွေပါတဲ့ ရေယာဉ်တစင်းကို AA အဖွဲ့က ချောင်းပစ်ခဲ့တာကြောင့် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တဲ့ အပေါ် စိတ်မကောင်းကြောင်း ကိုလည်း သူက ဆိုပါတယ်။
AA အနေနဲ့ NCTT ခေတ် တလျှောက်လုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပေမယ့် အခုအခါ တပ်မတော်က သူတို့ အဖွဲ့ကို အသိအမှတ်မပြုသလို ပါဝင်မှုကိုလည်း ငြင်းပယ်နေတဲ့ အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တန့်နေတာ ဖြစ်တယ်လို့ AA ပြောခွင့်ရသူ က ထောက်ပြခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဆိုတာ လက်ရှိ အစိုးရနဲ့ တပ်မတော် အပေါ် မူတည်နေပြီး မှန်ကန်တဲ့ ပြည်ထောင်စု စိတ်မွေးနိုင်အောင် ကြိုးစားရင် ဖြစ်မလာစရာ အကြောင်းမရှိသလို အဲဒီလို့ စိတ်မွေးဖို့ကိုလည်း တိုက်တွန်းလိုကြောင်း သူက ပြောသွားခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ
Reviewed by THITHTOOLWIN
on
07:19
Rating:
![တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFW-ReNc77Xu_6X-uuBZmuxXL4p_jQnifNX8dmo9btXgF_PG54cuWxtkLrCMf6FjjiCw5mHZxoHFsEBl2tI50vPmgd9bArdgvsyw0a_q5iWBrUewkXamds937nh1Y8MjxjLypmamb2ykb/s72-c/3.jpg)