ရုရှားကစမ်းသပ်လိုက်သည့် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်နိုင်မည့် Satan-2 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်


ရုရှားနိုင်ငံသည် RS-28 Sarmat ဟုအမည်ပေးထားသော်လည်း Satan-2 ဟုလူသိများသည့် အလေးချိန်တန် ၁ဝဝ ရှိတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောက်တိုဘာ၂၆ ရက်နှောင်းပိုင်းတွင် စမ်းသပ်ပစ်ခတ်လိုက်ပြီဖြစ်သည်။အဆိုပါမျိုးဆက်သစ်တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် မည်သည့်လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုမဆိုချိုးဖောက်ဝင်ရောက်နိုင်ပြီးတစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်နိုင်စွမ်းရှိကြောင်း ရုရှားစစ်ဘက်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းဒုံးကျည်ကို ၂ဝဝ၉ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်နေခြင်းဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် စမ်းသပ်ရန်အကြိမ်ကြိမ်ကြန့်ကြာခဲ့ပြီးနောက် ယခုမှစမ်းသပ်မှု လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

အဆိုပါစမ်းသပ်မှုကို နိုင်ငံအနောက်ပိုင်းရှိ ပလီဆတ်စမ်းသပ်ကွင်း၌ပြုလုပ်ခြင်းဖြစ်ပြီး ယင်းဒုံးကျည်ကို ၂ဝ၁၉ သို့မဟုတ် ၂ဝ၂ဝ ပြည့်နှစ်တွင် စစ်ဘက်၌ စတင်အသုံးပြုသွားမည်ဖြစ်သည်။ယင်းဒုံးကျည်သည် စုစုပေါင်း မီဂါတန်၎ဝ ပမာဏရှိသည့် နျူကလီးယားထိပ်ဖူး၁၂ ခုကိုသယ်ဆောင်နိုင်မည်ဖြစ်ပြီး ယင်းပမာဏသည် ၁၉၄၅ ခုနှစ်တွင် ဂျပန်နိုင်ငံနာဂါဆာကီနှင့်ဟီရိုရှီးမားမြို့တို့၌ ကြဲချခဲ့သည့် အက်တမ်ဗုံးများပေါက်ကွဲမှုထက်အဆ ၂ဝဝဝ ပိုမိုပြင်းထန်သည်။ Satan-2 သည် တစ်စက္ကန့်လျှင် ၇ ကီလိုမီတာနှုန်းဖြင့် အမြင့်ဆုံးပျံသန်းနိုင်ကာ ကီလိုမီတာ ၁ဝဝဝဝ (၆၂၁၃ မိုင်) အထိရောက်ရှိနိုင်သည့်အတွက် ရုရှားနိုင်ငံမှနေ၍ ဗြိတိန်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများသာမကအမေရိကန်အနောက်ပိုင်းနှင့် အရှေ့ဘက်ကမ်းရိုးတန်းအထိ တိုက်ခိုက်နိုင်စေမည်ဖြစ်သည်။ ယခုပြုလုပ်သည့်စမ်းသပ်ပစ်ခတ်မှုတွင် ယင်းဒုံးကျည်သည် မိုင် ၃၆ဝဝ ပျံသန်းပြီးနောက် သတ်မှတ်ထားသောပစ်မှတ်ကိုထိမှန်သွားသည်။

ရုရှားစစ်ဘက်ရုပ်မြင်သံကြားဌာနတစ်ခုဖြစ်သော Zvezda ၏အဆိုအရ အဆိုပါဒုံးကျည်သည် ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံသို့မဟုတ် တက္ကဆက်ပြည်နယ်တစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်စွမ်းရှိမည်ဟုသိရသည်။ ယင်းဒုံးကျည်များကိုကရာဆနိုယက်နှင့်အိုရန်ဘာ့ဒေသတို့ရှိမဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့များတွင်ဖြန့်ကြက်သွားမည်ဖြစ်ပြီးရုရှားကာကွယ်ရေးဝန်ကြီးဆာဂျီရွိုင်ဂကဒုံးကျည်၏တိုးတက်မှုများနှင့်ပတ်သက်၍နေ့စဉ် စောင့်ကြည့်လျက်ရှိသည်။

ရုရှားသည် ၂ဝ၁၁ ခုနှစ်မှစ၍ ဒေါ်လာဘီလီယံ ၆၅ဝ အကုန်အကျခံမည့် နျူကလီးယားစစ်လက်နက်ပစ္စည်းများ အရည်အသွေးတိုးမြှင့်ရေးကိုလုပ်ဆောင်လျက်ရှိပြီး နျူကလီးယားဒုံးကျည်များကိုတင်ဆောင်ကာ မည်သည့်နေရာမှမဆိုပစ်ခတ်နိုင်သည့် မျိုးဆက်သစ် နျူကလီးယားမီးရထားတစ်စင်းကို ယခုနှစ် ဇူလိုင်လတွင်ထုတ်ဖော်ပြသထားသည်။

ဘာဂူဇင်အမည်ရှိ အဆိုပါမီးရထားသည်တစ်ရက်အတွင်း မိုင် ၁၅ဝဝ အထိသွားလာနိုင်ကာ သာမန်ခရီးသည်တင်ရထား သို့မဟုတ် ကုန်တင်ရထားအဖြစ်ဟန်ဆောင်ဖုံးကွယ်နိုင်သောကြောင့် ရန်သူ့တပ်ဖွဲ့မှအလွယ်တကူထောက်လှမ်းနိုင်ခြင်းမရှိပေ။

Ref: Mail Online
မြ၀တီ
https://www.facebook.com/mwdmedia/

ရုရှားကစမ်းသပ်လိုက်သည့် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်နိုင်မည့် Satan-2 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် ရုရှားကစမ်းသပ်လိုက်သည့် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်နိုင်မည့် Satan-2 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.