မြ၀တီမြို့၌ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့်လမ်းလျှောက်လာ သူများအားProboxယာဉ်မှ ၀င်တိုက်ရာ ၂ ဦးသေဆုံး၅ဦးဒဏ်ရာရ


မြ၀တီ အောက်တိုဘာ၁၅

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းတွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ ည ၁၀ နာရီခွဲခန့်က Proboxယာဉ်မှမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် လမ်းလျှောက်လာသူများ အား ၀င်တိုက်မှု ဖြစ်ပွားရာ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာများရရှိ ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာအမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမြင့်ဦးက တာဝန်မှူး ဆောင်ရွက်နေစဉ် အမှတ်(၅)ရပ်ကွက် တွင် ယာဉ်တိုက်မှုသတင်းအရ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူသွားရောက်စစ်ဆေးရာဗိုလ်ချုပ်လမ်းမအတိုင်းအနောက်မှ အရှေ့သို့ ယာဉ်မောင်းမောင်စိုးမောင်းနှင်လာသော ယာဉ်အမှတ် GG---- နံပါတ်ပါ Proboxအမျိုးအစားအဖြူရောင် ယာဉ်သည် မျက်နှာချင်းဆိုင် အရှေ့မှ အနောက်သို့ မောင်းနှင်လာသည့် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်နေချစ်ဆန်း(၂၀နှစ်) မောင်းနှင်ပြီးဆိုင်ကယ်နောက်မှ ၀င်းလှိုင်တို့လိုက်ပါလာသည့် Honda Wave –I အနီရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူချစ်ဆန်းမှာယနေ့ နံနက်ပိုင်းက မဲဆောက်ဆေးရုံ၌ သေဆုံးခဲ့ပြီးစီးနင်လိုက်ပါ လာသူဝင်းလှိုင်တွင် နဖူးပွန်းပဲ့ဒဏ်ရာ၊ ၀ဲဒူးခေါင်းနာကျင်ဒဏ်ရာ၊ အသက်ရှုကြပ် (စိုးရိမ်ရ)တို့ဖြင့် မြ၀တီဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ထို့အတူအဆိုပါ ယာဉ်သည်ဆိုင်ကယ်အားတိုက်မိပြီးလမ်းလျှောက်လာ သူများအားဆက်လက်တိုက်မိရာ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက် နေထက်မြတ်(၂၀နှစ်)သည်အခင်းဖြစ်ရာနေရာမှ ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အလားတူလမ်းလျှောက်လာသည့်အမှတ်(၄)ရပ်ကွက်နေဌေးလှိုင်(၂၁နှစ်)သည် နဖူးဖူးရောင်ဒဏ်ရာ၊ ယာပေါင်နာကျင်ဒဏ်ရာ(မစိုးရိမ်ရ) များဖြင့် လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်နေဟိန်းထက်ပိုင် (၁၈နှစ်)သည် ယာခြေသလုံးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့်လည်းကောင်း၊မင်းကိုအောင်(၁၇နှစ်)သည် နဖူးကွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲ၊ အောက်မေးစေ့ကွဲ၊ ယာခြေသလုံး ပွန်းဒဏ်ရာ(မစိုးရိမ်ရ)များဖြင့်လည်းကောင်းတို့အသီးသီးဒဏ်ရာများရရှိခဲ့ကာ မြ၀တီဆေးရုံကြီးသို့ တက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ထို့အပြင် အခင်းဖြစ်စဉ်ကဘာမှမဖြစ်ဟုဆိုကာအိမ်သို့ ပြန်သွားသည့် ဒဏ်ရာရလူနာတစ်ဦးရှိခဲ့ပြီးယနေ့ နံနက်ပိုင်းမှ ဒဏ်ရာမသက်သာ၍ မြ၀တီဆေးရုံကြီးသို့ ဆေးကုသမှုခံယူနေသူတစ်ဦး ထပ်မံရှိခဲ့ကြောင်းသိရပြီးယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၅ ဦးရှိခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်အားမဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်ပြီးလူသေဆုံးဒဏ်ရာများရရှိစေသူယာဉ်မောင်းမောင်စိုးအား မြ၀တီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြ၀တီမြို့၌ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့်လမ်းလျှောက်လာ သူများအားProboxယာဉ်မှ ၀င်တိုက်ရာ ၂ ဦးသေဆုံး၅ဦးဒဏ်ရာရ မြ၀တီမြို့၌ မောင်းနှင်လာသည့် ဆိုင်ကယ်နှင့်လမ်းလျှောက်လာ သူများအားProboxယာဉ်မှ ၀င်တိုက်ရာ ၂ ဦးသေဆုံး၅ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.