မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထပ်မံထွက်ပြေးလာကြတဲ့ ဒုက္ခသည် တသောင်းကျော်လောက်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးမှာ ၀င်ခွင့်ရဖို့ စောင့်ဆိုင်းနေကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
တနင်္ဂနွေနေ့ကစလို့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ခန့်မှန်းချေ ၁ သောင်းကနေ တသောင်းခွဲလောက်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရောက်လာခဲ့ကြကြောင်း ကုလသမဂ္ဂ ရုံးချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ UNHCR က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ နေမလား သေမလားဆိုပြီး အကြိမ်ကြိမ် ခြိမ်းချောက်ခံခဲ့ရပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွာတွေမှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့၊ ရွာတွေမီးလောင်ကုန်တဲ့အတွက် အခုနောက်ဆုံး ထွက်ပြေးလာရတာလို့လည်း ဆိုပါတယ်။
တနင်္ဂနွေနေ့ကစလို့ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ဒီကနေ့မနက်ထိ ဘင်္ဂလားဒေ့ရှ်ဘက်က လယ်ကွင်းတွေမှာသာ နေနေကြရပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းက သေနတ်သံတွေ ကြားနေရပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ၀င်ခွင့်ရဖို့ စောင့်ဆိုင်းနေကြရတုန်းပဲလို့လည်း UNHCR ပြောခွင့်ရ Andrej Mahecic က ကြေညာချက်မှာ ပြောဆိုထားသလို၊ ဒုက္ခသည်တွေရဲ့ ပုံတွေကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကိုလည်း ပြသထားပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch က သြဂုတ်လနှောင်းပိုင်းကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကျေးရွာပေါင်း ၂၈၈ ရွာထက်မနည်းဟာ မီးလောင်မှုတွေကြောင့် လုံးဝ၊ ဒါမှမဟုတ် တစိတ်တပိုင်း ပျက်စီးခဲ့ရကြောင်း ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေနဲ့အတူ ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရိုဟင်ဂျာဒုက္ခသည် သောင်းနဲ့ချီ ထပ်မံထွက်ပြေး
Reviewed by THITHTOOLWIN
on
19:03
Rating: