ရခိုင်အရေး အမေရိကန် စာနာမှုကို ရခိုင်အမတ်တွေ မေးခွန်းထုတ်

ရခိုင်ပြည်နယ်အရေး အမေရိကန် သံအမတ်ကြီး လွှတ်တော် အမတ်တွေနဲ့ ဆွေးနွေး
မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel နဲ့ ရခိုင် အမျိုးသား ပါတီက လွှတ်တော် ကိုယ်စားလှယ် တချို့ အောက်တိုဘာလ ၂၇ ရက်နေ့က နေပြည်တော် လွှတ်တော် ဝန်းထဲမှာ တွေ့ဆုံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ အခြေအနေတွေ အပေါ် အခြေခံပြီး ဒေသဖွံ့ဖြိုးရေး၊ လူသားချင်း စာနာမှု အကူအညီပေးရေးတို့ ဆွေးနွေးကြရာမှာ အမေရိကန် ဘက်က ဘယ်လို ကူညီနိုင်မယ် ဆိုတာ သံအမတ်ကြီး Scot Marciel က အကြံ တောင်းခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဘီဘီစီကို ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ ကတော့ အမေရိကန်က ရခိုင်လူမျိုးတွေနဲ့ ရခိုင်ပြည်နယ် အရေးကို အမေရိကန်က စာနာတယ်ဆိုတာ မကြားဖူး ခဲ့တဲ့အတွက် ဘယ်လို အကူအညီ ပေးမှာလဲ ဆိုတာ လွှတ်တော် အမတ်တွေက ပြန်လည် မေးခွန်း ထုတ်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး Scot Marciel က အမေရိကန်နဲ့ အနောက် နိုင်ငံတွေက ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ငွေကြေး အမြောက်အမြား အကူအညီပေးဖို့ ရှိနေပြီး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေရင် အဲဒီ အခွင့်အရေး ဆုံးရှုံးနိုင်တယ်လို့ ပြောတဲ့ စကားကို မက်လုံးအနေနဲ့ မမြင်ဘဲ ခြိမ်းခြောက်မှုလို့ ယူဆကြောင်း ဦးဘရှိန်က ပြောပါတယ်။

ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်ကာစ အချိန်မှာ ဒီမိုကရေစီရဲ့ ပြယုဂ်လို့ ကမ္ဘာက လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အစိုးရကို ရှင်သန်ခွင့်ပေးပြီး အားပေး အားမြှောက် ပြုရမယ့် အစား အမေရိကန်နဲ့ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတွေ၊ အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ တို့က ရိုဟင်ဂျာဆိုတဲ့ လူမျိုးအတု အရေးကို ဖိအားပေးတဲ့နည်းနဲ့ လုပ်ဆောင်နေတဲ့အတွက် မြန်မာ နိုင်ငံမှာ အကျပ်အတည်း ကြုံနေရတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်နေတဲ့ အခြေအနေတွေကြောင့် နှစ်ဘက် အသိုင်း အဝိုင်းကြားမှာ အေးအေးချမ်းချမ်း အတူယှဉ်တွဲ နေထိုင်ရေး၊ ဘင်္ဂလာဒေ့ရှ် ဘက်ကို ထွက်ပြေး သွားခဲ့ကြတဲ့ မွတ်ဆလင်တွေကို အမြန်ဆုံး ပြန်လည် လက်ခံရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြ တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရခိုင်အရေး အမေရိကန် စာနာမှုကို ရခိုင်အမတ်တွေ မေးခွန်းထုတ် ရခိုင်အရေး အမေရိကန် စာနာမှုကို ရခိုင်အမတ်တွေ မေးခွန်းထုတ် Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.