တိုက်ကြီးတွင် တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံးပျက်စီး


တိုက်ကြီး အောက်တိုဘာ ၁၄

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာ အုပ်စု ကွမ်းသီးမြောင်းကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီ ခန့်တွင် တောဆင်ရိုင်းအုပ်စုက ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ် တစ်လုံး ဖျက်ဆီးသွားကြောင်း ကွမ်းသီး မြောင်းကျေးရွာဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။

'' ကျွန်တော့်မိသားစုတွေ မနည်း လွတ်အောင်ပြေးရတာ၊ အိမ်နောက်ဘေး မီးဖိုချောင်က ဆန်အိုးကို နှာမောင်းနဲ့ လှန်ယူတာ သူ့ကိုယ်နဲ့တိုးမိတော့ အိမ်ပါပြိုတယ်။ မိသားစုတွေ မပြေးရင် အနင်းခံရမှာ ကျိန်းသေတယ်''ဟု တော ဆင်ရိုင်းအဖျက်ခံရသည့် အိမ်ပိုင်ရှင် ဦးသိန်းအောင်က ပြောသည်။

အဆိုပါ တောဆင်ရိုင်းများသည် နေ့စဉ် ညနေ ၄ နာရီတွင် အစာရှာထွက်လေ့ ရှိပြီး အုပ်စုလိုက်သွားလာတတ်ကြ ကြောင်း၊ လူနေအိမ်များအတွင်း ဆန်၊ စပါးနှင့် ဆားများအား ရှာဖွေစားတတ် ကြကြောင်း၊ ဒေသခံတောင်သူများနှင့် ထိပ်တိုက်တွေ့ရှိပါက ရန်မူတတ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

တိုက်ကြီးမြို့နယ်အတွင်း တောဆင် ရိုင်းအကောင်ရေ ၄ဝ ကျော် အုပ်စုဖွဲ့ သွားလာတတ်ပြီး ဆောင်းရာသီ စပါးပေါ် ချိန်နှင့် နွေရာသီများတွင် တိုက်ကြီး မြို့နယ်အရှေ့ဘက်၊ ပဲခူးရိုးမအနောက် ခြမ်းတို့ရှိ ကျေးရွာများတွင် သွားလာ အစာရှာထွက်ကြကြောင်း ဆောင်းဦး ပေါက် ကြံရာသီပေါ်ချိန်များတွင် စမ်းရွာ ကျေးရွာ၊ ကင်းမတီကျေးရွာ၊ ကွမ်းသီးမြှောင်ရွာ၊ လဟာမငယ် ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာရှိ စပါး၊ ကြံခင်းများတွင် တောဆင်ရိုင်း များ ဝင်ရောက်စားတတ်ကြောင်း၊ မြိုင် ဟေဝန်ဆင်စခန်းရှိ ဆင်ဦးစီးတစ်ဦးက ပြောသည်။

'' ဆင်နဲ့တွေ့တဲ့အခါ မေတ္တာထား ဖို့လိုတယ်၊ ကျွန်မတို့ တောထဲနေတာ ကြာပြီ ဆင်နဲ့မကြာခဏတွေ့ပါတယ်။ အမြဲပဲ မေတ္တာပို့တယ်။ တစ်ရက်မှာ ကျွန်မတို့ လှန်းထားတဲ့စပါးတွေကို ဆင် လာစားတယ်။ ကျွန်မက သားကြီး စပါးတွေ အကုန်မစားနဲ့။ ငါတို့စားဖို့ ချန်ဦးလို့ပြောတော့ မော့ကြည့်ပြီး ပြန် ထွက်သွားတယ်။ သူတို့လာရင် လူတွေက စက်ဘီးတာယာတွေ မီးရှို့ပစ်တယ်။ မီးတုတ်တွေနဲ့ပစ်တယ်။ လေးခွနဲ့ချောင်း ပစ်တယ်။ သူတို့ကမှတ်ထားတာ၊ ရန်သူ ဖြစ်သွားတာပေါ့။ ဆင်တွေဟာ အမှတ် အသားကြီးတယ် အကင်းပါးတယ်''လို့ ချောင်းဆောက်ရွာ တဲတိုက်ရှိ အဘွားက ပြောသည်။

ယခုအခါ ဆင်စားကျက်များတွင် လူတို့ဝင်ရောက်လာကြပြီး စိုက်ပျိုးရေး များ ပြုလုပ်ခြင်း၊ သစ်တောများ ထူ ထောင်ခြင်း၊ လူနေအိမ်များနေထိုင်ခြင်း ကြောင့်၊ တောဆင်ရိုင်းများ စားကျက် ပျောက်ကာ စပါး၊ ကြံခင်းများ ဝင်ရောက် စားသောက်ခြင်း၊ လူနှင့် ထိပ်တိုက်တွေ့ ဆုံလျှင် ပဋိပက္ခဖြစ်ခြင်းများ ကြုံတွေ့ လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထွန်းလှိုင်(မြိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တိုက်ကြီးတွင် တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံးပျက်စီး တိုက်ကြီးတွင် တောဆင်ရိုင်းများဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံးပျက်စီး Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.