လိင်ပိုင်းဆိုင်ရာတိုက်ခိုက်သူတွေ ကင်းလွတ်ခွင့်ရနေတဲ့ ကနေဒါ တရားစီရင်ရေး

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေအတွက် တရားစီရင်ရေးစနစ်က ပိုမို အကာကွယ်ပေးဖို့ လိုပါတယ်
ကနေဒါ နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ကျူးလွန်မှုတွေဟာ သတင်းဖော်ပြခံရမှုအနည်းဆုံး ကိစ္စဖြစ်နေသလို အမှု ၁၀ မှုမှာ ၁ မှုသာ ကနေဒါရဲတွေက ပြစ်မှုထင်ရှားကြောင်း ဖော်ထုတ်နိုင်တာပါ။ ဒါကြောင့် တရားစီရင်ရေးအနေနဲ့ တကယ်ပဲ ကျူးလွန်ခံရသူတွေအတွက် အမှုတွေကို မျှမျှတတစီရင်နိုင်ပါ့မလားဆိုတာကို လူတွေက သံသယစိတ်နဲ့ သိချင်နေကြပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အသိအကျွမ်းတယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရချိန်မှာ Jennelle Polok တယောက်ဟာ ရဲစခန်းကို သွားတိုင်သင့်သလားဆိုတာကို ချီတုံချတုံဖြစ်နေခဲ့ပါတယ်။

ဒီကိစ္စက တော်တော်လေး ဦးနှောက်ခြောက်အောင် ရှုပ်ရှုပ်ထွေးထွေ စဉ်းစားခဲ့ရတယ်။ တိုင်ကြားတာနဲ့ကော တရားမျှတမှုက ထေမိပါ့မလားဆိုတာက အစပါ။ Jennelle Polok က ပြောပါတယ်။

သူမအနေနဲ့ သူမတိုက်ခိုက်ခံခဲ့ရတာကို တကြိမ်ပြီး တကြိမ် မေ့ပျောက် ဖြေဆည်နိုင်အောင်ကြိုးစားခဲ့ပေမဲ့ အရိပ်ဆိုးပမာ စိတ်ထဲ ထင်ကျန်နေဆဲဖြစ်ပါတယ်။ သူမကုတင်အနားကို အဲဒီသူက တက်လာချိန်မှာ သူမထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူမရဲ့ အတွင်းခံတွေကို သူက မချွတ်ခင်မှာပဲ သူမကို နံရံနဲ့ ဆွဲဆောင့်ခဲ့ပြီးဖြစ်ပါတယ်။

အခုအထိ ကျွန်မ မှင်တက်နေဆဲပါ။ ဒါဟာ ရုပ်ရှင်ဇာတ်ကားတကားမှာ ကိုယ့်အကြောင်းကို ပြန်ရိုက်ထားတာကို ကြည့်နေရသလိုပါပဲ။ အဖြစ်အပျက်တွေအားလုံးကို သင်မြင်နေရပြီး အဲဒီအဖြစ်အပျက်တွေအတွက် ဘာမှ သင်မတုံ့ပြန်နိုင်သလိုပေါ့ လို့ Jennelle Polok က ပြောပါတယ်။

တလအကြာမှာ သူမဟာ အကူအညီပေးငွေကို ရရှိခဲ့ပါတယ်။ သူမဟာ အသက် ၃၁ နှစ်အရွက် မူလတန်း ဆရာမ တဦးလည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ သူမအနေနဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးခဲ့ပြီး ကနဦးကြားနားစစ်ဆေးမှုတွေကို ဖြတ်ကျော်ပြီးချိန်မှာတော့ အဲဒီအမှုဟာ တရားရုံးကို ရောက်သွားခဲ့ပါတယ်။ တရားရုံးမှာ နှစ်နှစ်လောက်ကာပြီးတဲ့အခါမှာ အမှုစစ်ဆေးမှု အထောက်အထားမပြည့်စုံတဲ့အတွက် သူမကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲခံရသူဟာ အပြစ်မရှိကြောင်းနဲ့ တရားရုံးက တရားသေလွတ်ပေးမှုကို ခံလိုက်ရပါတယ်။

ဒီလို ကိစ္စရပ်တွေဟာ မကြာခဏ ဖြစ်နေကျ ကိစ္စတွေလို ဖြစ်နေတယ်လို့ ကနေဒါ တရားမျှတမှု စင်တာအဖွဲ့ရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရားစီရင်မှုဆိုင်ရာ ညွှန်းကိန်းတွေမှာ ဖော်ပြထားပါတယ်။

၆ နှစ်အတွင်းဖြစ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ တရားရုံးရောက်ခဲ့ပြီး အဲဒီအထိက ၁၂ ရာခိုင်နှုန်းလောက်သာ ပြစ်မှုထင်ရှားကြောင်းပေါ်လွင်ခဲ့ကာ ၇ ရာခိုင်နှုန်းသာ အကျဉ်းချခံခဲ့ရပါတယ်။

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု စွပ်စွဲချက်တွေရဲ့ အချိုးအစားအနည်းငယ်သာ ထောင်ဒဏ်ချမှတ်အပြစ်ပေးနိုင်ခဲ့သလို ရဲတပ်ဖွဲ့ထံမှာ သတင်းပေးအမှုဖွင့်ခဲ့တာကလည်း ဖြစ်ပွားမှု အားလုံးရဲ့ အနည်းငယ်မျှသာ တိုင်ကြားခဲ့တယ်လို့ အစောပိုင်းလေ့လာမှုတွေအရ တွေ့ရှိခဲ့ရပါတယ်။

တကြိမ်မှာဆိုရင် ရဲကို တိုင်ကြားသတင်းပေးခဲ့ပြီး ဥပဒေချိုးဖောက်ကြောင်း တွေ့ရှိခဲ့ပေမဲ့ ရဲကတော့ အရေးမပါသလို သဘောထားခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ၅ ကြိမ်မှာ ၁ ကြိမ်ဟာ အရေးမပါ ဒါမှမဟုတ် စစ်ဆေးတွေ့ရှိရခြင်း မရှိဆိုတဲ့ ရဲမှတ်ချက်တွေကိုတွေ့ရတယ်လို့ The Globe နဲ့ Mail သတင်းစာတွေရဲ့ စုံစမ်းတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါတရားမျှတမှုစင်တာရဲ့ တွေ့ရှိချက်အရတော့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုပေါင်း ၉သောင်းကျော်မှာ ရဲတပ်ဖွဲ့ဟာ သူတို့နည်းသူတို့ဟန်နဲ့သာ အမှုစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု စွပ်စွဲချက်တွေ အရေးမပါသလို သဘောထားခံနေရတာဟာ ရာဇဝတ်မှုအသီသီးအတွက် တရားမျှတဖို့ ကြိုးပမ်းချက်တွေ ဖိနှိပ်ခံနေရတာဖြစ်တယ်လို့ အဲဒီ စာတမ်းကို ရေးသားတဲ့ Cristine Rotenberg ခရစ္စတင်းရောဘတ်က ပြောပါတယ်

လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေများလာတာဟာ တရားရေးစနစ်အတွက် မေးခွန်းထုတ်စရာ ရှိလာစေပါတယ်။

Ms Polok ကတော့ သူ့ကို စစ်ဆေးစဉ်က စွပ်စွဲခံရသူတွေဘက်က ရှေ့နေက အခင်းဖြစ်ပွားခဲ့တဲ့နေ့က သူမဘယ်လိုဝတ်ထားခဲ့သလဲ သူမအနေနဲ့ စွပ်စွဲခံရသူကို ပရောပရည်လုပ်ခဲ့သလား ဒါမှမဟုတ် သူမက သူ့ကို ကြိုက်နေသလားဆိုတဲ့ မေးခွန်းတွေကို တရားခွင်မှာ မေးခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

ကျွန်မကတော့ ကျွန်မတို့ဖြစ်ပြီးပြီ ကျွန်မဘာဝတ်တယ်ဆိုတာကို ဘာဖြစ်လို့ မေးသလဲ ဒါဟာမဖြစ်သင့်ဘူးမလုပ်လား ဒါဟာ အဓမ္မပြုမှုမဟုတ်ဘူးလားလို့ ကျွန်မထင်တယ်လေ လို့ Ms Polok က ပြောပါတယ်။

စွပ်စွဲခံရသူတွေဘက်က ရှေ့နေက သူမဟာ အရင်တုန်းက စိတ်အပန်းဖြေဖို့ မူးယစ်ဆေးဝါး သုံးစွဲခဲ့ဖူးလား ဆိုပြီး သူမကို အရှက်ရအောင် မေးမြန်းတာတွေလည်း ရှိခဲ့ပါတယ်။

ကျွန်မလို ပရော်ဖက်ရှင်နယ် တယောက်အနေနဲ့ ဒီလို မေးမြန်းခံရတာတွေဟာ တော်တော်လေးကို ကသိကအောက်ဖြစ်စေပြီး ဒါတွေကို ကျွန်မ မသိချင်တော့ဘူး လို့ သူမက ပြောပါတယ်။

့ ဒီမေးခွန်းတွေဟာ သူမကို အသရေဖျက်ဖို့အတွက် အသုံးပြုခဲ့တာလို့ အဆုံးစွန်အထိ သူမထင်ခဲ့ပါတယ်။

ဒီကိစ္စတွေဟာ သင့်ကို အဆိုးဆုံး လူတယောက်ဖြစ်အောင် စွပ်စွဲနေသလိုပါပဲ။ လို့ သူမက ပြောပါတယ်။

သူမရဲ့ အတွေ့အကြုံတွေက တမူထူးခြားတာမျိုးမရှိခဲ့ပါဘူး။ လို့ အော့တဝါ တက္ကသိုလ်က ရာဇဝတ်မှုဆိုင်ရာ လေ့လာရေးဌာန ပါမောက္ခ Holly Johnson က ပြောပါတယ်။

သုတေသနပြုချက်အများအပြားရဲ့ ဖော်ပြချက်တွေအရတော့ အဓမ္မမှုတွေဟာ များပြားနေပါတယ်။ တကယ်လည်း ရှိနေပါတယ်။ တရာစီရင်ရေးစနစ် ရဲ့ အစမ်းအသပ်ခံအဖြစ် ရှိနေတာပါ။

မစ္စတာဂျွန်ဆင်ကတော့ အမှုကျူးလွန်ကျောင်းရဲက ဖော်ထုတ်ခဲ့ပြီး တရားရုံးတင်စေခဲ့မှုမှာ တရားရုံးက နှစ်ကြိမ် ၃ ကြိမ်စစ်ဆေးပြီး လွတ်ပေးခဲ့တဲ့အမှုကို ဥပမာပြပြောဆိုပါတယ်။လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုခံခဲ့ရသူတွေထဲက တဝက်လောက်ဟာ သူတို့အနေနဲ့ အမှုထွက်ဆိုရာမှာ စိတ်ကသိကအောက်တွေဖြစ်လာနိုင်တာကြောင့် ရဲတွေကို အကြောင်းမကြားကြဘူး ဖိစီးမှုတွေလည်းရှိတယ်။ ဒီလိုတရားစီရင်ရေးစနစ်မှာ သူတို့အနေနဲ့ မျှတတဲ့ ရလာဒ်ကို ရလာမှာမဟုတ်ဘူးလို့လည်း ယုံကြည်နေကြတယ်လို့ Ms Rotenberg ရဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။

တကယ်တော့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုတွေဖြစ်ပွားနှုန်ဟား တရက်တရက် သတင်းပေးတိုင်ကြားမှုတွေနှုန်းထက် ၂.၃ ဆနှုန်းလောက်ပိုများနေတယ်လို့ ကနေဒါ တရားမျှတရေး စင်တာရဲ့ သုတေသနစာတမ်းမှာ ဖော်ပြထားတာပါ။

အမျိုးသမီးတွေက များသောအားဖြင့် တရားခွင်နဲ့ လူတွေအကြား သူတို့ကြုံတွေ့ရမှုကို ပြောပြရမှာ ဒါမှမဟုတ် တဘက်က မကြားဝံမနာသာမေးမြန်းမှာကို စိုးရိမ်နေတာပါ လို့ Ms Johnson က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
လိင်ပိုင်းဆိုင်ရာတိုက်ခိုက်သူတွေ ကင်းလွတ်ခွင့်ရနေတဲ့ ကနေဒါ တရားစီရင်ရေး လိင်ပိုင်းဆိုင်ရာတိုက်ခိုက်သူတွေ ကင်းလွတ်ခွင့်ရနေတဲ့ ကနေဒါ တရားစီရင်ရေး Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.