ဦးကိုနီအားလုပ်ကြံပြီး နောက်တစ်ရက်တွင် ဖုန်းနှင့်အချက်အလက်အချို့ကို အောင်ဝင်းခိုင် မီးရှို့ဖျက်ဆီးခဲ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံရာမှာ ပူးပေါင်းပါဝင်ပြီး ထွက်ပြေးနေတဲ့ တရားခံပြေး အောင်ဝင်းခိုင်ဟာ လုပ်ကြံမှုဖြစ်ပွားပြီး နောက်တစ်ရက်မှာ နေပြည်တော်ရှိ ဇေယျာဖြိုးရဲ့ ကုမ္ပဏီကိုလာရောက်ကာ စာရွက်စာတမ်းအချို့နဲ့ လက်ကိုင်ဖုန်းကို မီးရှို့ဖျက်ဆီးခဲ့တာကို စစ်ဆးချက်တွေအရ သိရတယ်လို့ တရားလိုပြသက်သေတွေက ထွက်ဆိုပါတယ်။

 အခုရုံးချိန်းမှာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုပြသက်သေတွေက တရားခွင်မှာ အဲဒီလိုထွက်ဆိုခဲ့တာလို့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ရှေ့နေဒေါ်ခင်မိုးမိုးက ပြောပါတယ်။ရှာဖွေပုံစံမှာ ဇေယျာဖြိုးရဲ့ ကုမ္ပဏီခြံအမှတ်ကို (၄၇၂)လို့ ဖြည့်သွင်းထားပြီး တရားလိုပြသက်သေနှစ်ဦးက ခြံအမှတ်ကို (၄၇၅)လို့ ထွက်ဆိုခဲ့တာကြောင့် ကွဲလွဲမှုဖြစ်နေပေမယ့်လည်း အမှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထိခိုက်မှု မရှိနိုင်ဘူးလို့ ဒေါ်ခင်မိုးမိုးက ဆက်လက်ပြောပါတယ်။

 အခုရုံးချိန်းမှာ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးဖို့ရှိပေမယ့် တာဝန်ထမ်းဆောင်နေရတဲ့အတွက် လာရောက်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအယောက်(၈၀) တင်သွင်းထားရာမှာ လက်ရှိအချိန်ထိ(၅၂)ယောက်ကို စစ်ဆေးပြီးဖြစ်ပါတယ်။
ဦးကိုနီလုပ်ကြံခံရမှုမှာ လက်နက်မှုကို ရာဇသတ်ကြီးဥပဒေပုဒ်မ၁၉(ဃ)(စ)၊ မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် (၄၆/၂၀၁၇)နဲ့ တရားစွဲတင်ပို့ထားတာဖြစ်ပြီး အဲဒီအမှုမှာ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့(၂)ဦးကို ကျူးလွန်သူတွေအဖြစ် မင်္ဂလာဒုံမြို့မ ရဲစခန်းမှူး ဒုရဲမှူး မြထွန်းကျော်က တရားလိုပြုလုပ်ကာ တရားစွဲတင်ပို့ခဲ့တာဖြစ်ပါတယ်။

 လူသတ်မှုကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂၊ မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် (၄၅/၂၀၁၇)နဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ကျူးလွန်သူတွေအဖြစ် တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က
သီဟစိုးလွင်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဦးကိုနီအားလုပ်ကြံပြီး နောက်တစ်ရက်တွင် ဖုန်းနှင့်အချက်အလက်အချို့ကို အောင်ဝင်းခိုင် မီးရှို့ဖျက်ဆီးခဲ့ ဦးကိုနီအားလုပ်ကြံပြီး နောက်တစ်ရက်တွင် ဖုန်းနှင့်အချက်အလက်အချို့ကို အောင်ဝင်းခိုင် မီးရှို့ဖျက်ဆီးခဲ့ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.