လွှတ်တော်အဆောက်အဦးအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် စီစဉ်နေသည့် သတင်းထောက်အပါဝင်(၃)ဦး ဖမ်းဆီးထိန်းသိမ်းခံရ


နေပြည်တော်၊ အောက်တိုဘာ ၂၇။

နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦးအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် စီစဉ်နေသည့် တူရဂီနိုင်ငံ အခြေစိုက် စင်္ကာပူ ရုံးခွဲ TRT သတင်းဌာနက သတင်းထောက်များနှင့် စကားပြန် တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းဆီးခံရသူများမှာ မလေးရှားနိုင်ငံသူ MOK CHOY LIN ၊ စင်္ကာပူနိုင်ငံသား LAUHON MENG နှင့် စကားပြန် မောင်အောင်နိုင်စိုး (ခ) ရာကွက်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနီး ရုံးအမှတ် ၂၇ မဟာအောင်မြေလမ်း အမှတ် ၀၄၄ ဘက်စတန်း ရှေ့တွင် MAVIC အမျိုးအစား ဒရုန်းခဲရောင် လွှတ်တင်ရန် စီစဉ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နယ်မြေ ရဲစခန်း အမှတ် (၅) မှ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

စစ်ဆေးချက်များအရ မြန်မာနိုင်ငံ၏ ရှုခင်းများ လှပသော အဆောက်အဦးများ ဘုရားစေတီနှင့် လွှတ်တော် အဆောက်အဦးတို့အား ရိုက်ခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံရန် လာရောက်စဉ် မတွေ့ဖြစ်၍ လွှတ်တော်အဆောက်အဦးအား ရိုက်ကူးရန် ဒရုန်းလွှတ်ရန်စီစဉ်နေချိန် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

နေပြည်တော်ဒေသအတွင်း ဒရုန်းလွှတ်တင်ရိုက်ကူးမှုကို လုံခြုံရေးအရ တားမြစ်မှုများရှိပြီး ဒရုန်းလွှတ်တင်ရိုက် ကူးမည် ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်သို့ စာတင်ပြီး ခွင့်ပြုချက် တောင်းခံပြီးမှသာ ရိုက်ကူးခွင့် ရှိကြောင်း လွှတ်တော်အဆောက်အဦး လုံခြုံရေးတာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။

ကြယ်စင်ခ
Central News Myanmar
https://www.facebook.com/CNMyanmar/
လွှတ်တော်အဆောက်အဦးအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် စီစဉ်နေသည့် သတင်းထောက်အပါဝင်(၃)ဦး ဖမ်းဆီးထိန်းသိမ်းခံရ လွှတ်တော်အဆောက်အဦးအား ဒရုန်းလွှတ်တင်ရိုက်ကူးရန် စီစဉ်နေသည့် သတင်းထောက်အပါဝင်(၃)ဦး ဖမ်းဆီးထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.