လှိုင်းဘွဲမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

လှိုင်းဘွဲမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ
လှိုင်းဘွဲ အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာအုပ်စု၊ ချမ်းသာကျေးရွာတွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကာ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့က လှိုင်းဘွဲမြို့မရဲစခန်းတွင် အမှုဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က ချမ်းသာကျေးရွာတွင် ဓါးထိုးမှု ဖြစ်ပွားကြောင်း သတင်းအရ လှိုင်းဘွဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်စိုးဦးစီးအဖွဲ့မှ သက်သေ ဒိုင်းပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောအေးမြင့်အဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ခွာစိန်၊ ၃၆နှစ်ဖြစ်ကြောင်း သိရပြီး ယာဘက်ရင်ညွှန့်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက်ရှိသည်ကို စစ်ဆေးတွေ့ရပြီး သေဆုံးသူ၏ အလောင်းအား ရဲဆေးစာဖြင့် လှိုင်းဘွဲပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စခန်းမှူးနှင့်အဖွဲ့မှ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရာ ည ၉ နာရီအချိန်ခန့်က မသီတာစန်း၊ (၂၈-နှစ်)မှာ နေအိမ်တွင် အိပ်ပျော်နေစဉ် ခင်ပွန်းဖြစ်သူ ခွာစိန်နှင့် တူဖြစ်သူကျော်လှိုင်းတို့ စကားများရန်ဖြစ်နေ သည့် အသံများကြောင့် အိပ်ယာမှ နှိုးလာခဲ့ပြီး ထကြည့်ခဲ့ရာ ၎င်းတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး တွန်းထိုးရန်ဖြစ်နေသည်ကို တွေ့ရှိရသည်။

 အနီးတွင်လည်း ကျော်လှိုင်းနှင့်အတူ ပါလာသည့် ငြိမ်းချမ်း၊ ၃၁-နှစ်၊ ဒိုင်းပြကျေးရွာနေသူအား တွေ့ရှိရသည်။


 ထိုအချိန် မသီတာစန်းမှ ခင်ပွန်းနှင့် ရန်ဖြစ်နေသည့် ကျော်လှိုင်းအား တုတ်ဖြင့်ဝင်ရိုက်ရာ ငြိမ်းချမ်းမှ မသီတာစန်းကို ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ ခွာစိန်မှ ဇနီးဖြစ်သူအား ပါးရိုက်သည့်အတွက် ငြိမ်းချမ်းနှင့် စကားများရန်ဖြစ်ခဲ့သည်။

 ငြိမ်းချမ်းမှ အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် ထိုးခဲ့ရာ ခွာစိန်၏ ယာဘက်ရင်ညွှန့်အောက်သို့ ထိုးသွင်းမိ သဖြင့် ခွာစိန်မှာ ဓါးဒဏ်ရာကြောင့် အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ပြစ်မှုကျူးလွန်သူအား အချိန်မီထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မသီတာစန်းမှ ခင်ပွန်းဖြစ်သူအား ဓါးဖြင့်ထိုးသတ်ခဲ့သူ ငြိမ်းချမ်းကို ဥပဒေအရအရေးယူပေးရန် အောက်တိုဘာ ၂၇ရက်နေ့ နံနက် ၀၀း၁၅ နာရီအချိန်လှိုင်းဘွဲမြို့မရဲစခန်း၌ တရားလိုပြုလုပ်တိုင်တန်း၍ လှိုင်းဘွဲမြို့မရဲစခန်းမှ (ပ)၁၃၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုရေး ဖွင့်ကာ အမှုမှ စွပ်စွဲခံရသူ ငြိမ်းချမ်းအား စခန်းမှူး ဒုတိယရဲမှူး အောင်စိုးက အမှုဖြင့်ဖမ်းဆီးကာ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ဓါတ်ပုံ ။  ။ မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
https://thanlwinnews.com
လှိုင်းဘွဲမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား လှိုင်းဘွဲမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.