တောင်ကြီးမြို့တွင် မီးပုံးပျံ ယမ်းမှ မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ မီးငြှိမ်းသတ်သူ တစ်ဦး မီးခိုးမွှန်သေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်တွင် အောက်တိုဘာ ၂၉ ရက်၊ ညနေပိုင်းက တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည့် မီးပုံးပျံယမ်းမှတဆင့် နေအိမ် ၆ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှီကာ မီးငြှိမ်းသတ်သူ တစ်ဦး မီးခိုးမွှန်သေဆုံးခဲ့ကြောင်း သိရသည်။

"ညနေ ၅ နာရီ မိနစ် ၂၀ မှာ မီးစလောင်ပါတယ်။ ၆ နာရီကျော်လောက်မှာ ငြိမ်းသွားတာပါ။ အိမ်ခြေ အကြီး၊ အသေး အားလုံး ၆ လုံး မီးလောင်ကျွမ်းသွားပါတယ်။ မီးပုံးပျံယမ်းကနေ မီးစလောင်တယ်လို့ သိထားရပါတယ်။ လောလော ဆယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စ၀်စံထွန်းဆေးရုံ ပို့ဆောင်ထားပါတယ်"ဟု ချမ်းမြသာစည်ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးသန်းမင်းစိုးမှ ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နယ်မြေ (၇)၊ အနော်ရထာလမ်း၊ အမှတ် ၂၄၉ နေအိမ်တွင် အောက်တိုဘာ ၂၉ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်ခန့်က မီးပုံးပျံအတွက် ပြင်ဆင်ဆောင်ရွက်နေစဉ် ယမ်းပေါ်သို့ မီးကျရောက် ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စတင်လောင်ကျွမ်းသည့် နေအိမ်အပါအ၀င် စုစုပေါင်း နေအိမ် ၆ လုံးသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင် ဦးစိုးနိုင် အပါအ၀င် ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကာ မီးလာရောက်ငြှိမ်းသတ်ဆောင်ရွက်ပေးခဲ့သည့် ရွှေညောင်မြို့နေ ဦးမောင်မောင်တင်သည် မီးငြှိမ်းသတ်နေစဉ် မီးခိုးမွှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ စည်ပင်သာယာရေးနှင့် ပြင်ပ စေတနာရှင် ရေသယ်ယာဉ်များ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်း၊ ကမ္ဘောဇတိုင်း
Kanbawza Tai News
https://www.facebook.com/kanbawzatai/
တောင်ကြီးမြို့တွင် မီးပုံးပျံ ယမ်းမှ မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ မီးငြှိမ်းသတ်သူ တစ်ဦး မီးခိုးမွှန်သေဆုံး တောင်ကြီးမြို့တွင် မီးပုံးပျံ ယမ်းမှ မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရကာ မီးငြှိမ်းသတ်သူ တစ်ဦး မီးခိုးမွှန်သေဆုံး Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.