မင်းလှမြို့နယ်တွင် ဖြစ်ပွားသော လူသတ်မှုမှ ကျူးလွန်သူကို ၂၈ နာရီအတွင်း ဖမ်းဆီးရမိ


မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြေခြားကျေးရွာအနီး အောက်တိုဘာလ (၂၇)ရက်နေ့က လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူအား အခင်းဖြစ်ပွားပြီးနောက် (၂၈)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိကြောင်း ရေနံမနယ်မြေရဲစခန်းမှ သိရသည်။

မင်းလှမြို့နယ် မြေခြားကျေးရွာ၏ အနောက်မြောက်(၂)မိုင်ခန့်အကွာရှိ လှည်းလမ်းဘေးတွင် လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ အောက်တိုဘာ(၂၇)ရက်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ရေနံမ နယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း ဦးစီးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သတင်းပေး နေရာသို့ သွားရောက် စစ်ဆေးကြည့်ရာ ဦးခေါင်းထိပ်နှင့် လည်ပင်းဝဲဘက်တို့တွင် ပြတ်ရှဒဏ်ရာတစ်ချက်စီ ဖြင့် သေဆုံးနေသည့် ဟန်ဇော်ဝင်း(ခ)သံဒိုးဆိုသူအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

"အချိန်နဲ့တစ်ပြေးညီ စုံစမ်းနိုင်ခဲ့တဲ့ အတွက် လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိသူကို ဖော်ထုတ်နိုင်ခဲ့ပြီး ဥပဒေအတိုင်း ရင်ဆိုင်နိုင်ရေးအတွက် အဖမ်းခံဖို့ သူ့ရဲ့ဆွေမျိုးသားချင်းတွေကို ပညာပေး စည်းရုံးနိုင်ခဲ့တာကြောင့် ဒီနေ့ည စခန်းမှာ လာရောက်အဖမ်းခံပါပြီ" ဟု ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးမင်း ထွန်းက တာချီလိတ်အေဂျင်စီသို့ ပြောသည်။

လူသတ်မှုကျူးလွန်သည်ဟု သံသယရှိသည့် ဟန်ဌေးဆိုသူသည် အောက်တိုဘာလ (၂၈)ရက်နေ့ ည (၇)နာရီ အချိန်ခန့်တွင် ရေနံမနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တစ်လုံးရေနံမှော်နေ ဟန်ဌေး နှင့် အသတ်ခံရသူ ဟန်ဇော်ဝင်း(ခ)သံဒိုးတို့ အလှူတစ်ခုတွင် စကားများပြီး ဟန်ဇော်ဝင်းက အလှူမှစော၍ပြန်ကာ မြေခြားကျေးရွာ၏အနောက်မြောက် (၂)မိုင်ခန့် အကွာတွင် စောင့်ဆိုင်းနေခဲ့ပြီး လှည်းဖြင့်ပြန်လာသော ဟန်ဌေးအား ဓားမြှောင်ဖြင့်ထိုးမည်ပြုသဖြင့် နွားလှည်းတွင် အသင့်ပါလာသော ဓားမဖြင့် လက်ဦးမှုရယူကာ ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဟန်ဌေးက ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေနံမနယ်မြေရဲစခန်း၌ (ပ)၉၁/၂၀၁၇ (အမှုကြီးအမှတ်စဉ် ၄/၂၀၁၇)၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂)အရ အမှုဖွင့်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း
Tachileik News Agency
http://www.tachileik.net
မင်းလှမြို့နယ်တွင် ဖြစ်ပွားသော လူသတ်မှုမှ ကျူးလွန်သူကို ၂၈ နာရီအတွင်း ဖမ်းဆီးရမိ မင်းလှမြို့နယ်တွင် ဖြစ်ပွားသော လူသတ်မှုမှ ကျူးလွန်သူကို ၂၈ နာရီအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.