နှစ်ပေါင်း ၈၆၄ သက်တမ်းရှိ ရှေးဟောင်းရိုးရာယဉ်ကျေးမှု နဂါးလှေလှော်ပွဲတော် တနင်္သာရီမြို့၌ ကျင်းပ


မြိတ် အောက်တိုဘာ ၉

နှစ်ပေါင်း ၈၆၄ သက်တမ်းရှိ ရှေးဟောင်းရိုးရာယဉ်ကျေးမှု နဂါးလှေလှော်ပွဲတော်ကို အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လ ပြည့်ကျော် ၄ ရက်) နံနက် ၇ နာရီက တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ရှိ ချောင်းကြီးမြစ်နှင့် ချောင်းငယ် မြစ်နှစ်သွယ်၌ စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

လှေသဘင်ပွဲတော်တွင် တနင်္သာရီမြို့ ချောင်းကြီးကျောင်းတိုက်မှ ရွှေနန်းသာရီ၊ ငွေနန်းသာရီ နဂါးလှေတော်၊ လယ်သစ်ကျေးရွာ၊ ကျောင်းကြီးတိုက်မှ မြကြီးအောင်၊ ရန်ကြီးအောင် နဂါးလှေတော်နှင့် လယ်သစ်ကျေးရွာ အရှေ့ကျောင်းတိုက်မှ စိန်ပန်း သွယ်၊ ပတ္တမြားသွယ်၊ နဂါးလှေတော်၊ စုစုပေါင်းနဂါးလှေတော် ခြောက်စင်းတို့သည် နံနက် ၇ နာရီခန့်က တနင်္သာရီမြို့ ဗိုလ်တဲလမ်း လှေဆိပ်စုရပ်မှ စတင်ထွက်ခွာ၍ တနင်္သာရီမြို့ကို လက်ယာရစ်လှော်ခတ်၍ တန်ခိုးကြီးရှေးဟောင်းဘုရာများဖြစ်သော မြဝတ်ဆင်၊ လေသာ၊ နဝထပ်၊ ခြေတော်ရာ၊ ရန်အောင်မြင်၊ နန်းဦးစေတီတော်များကို ဦးတိုက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့ဝင်ဆိပ်ခံတံတား ယာယီမဏ္ဍပ်တွင် ကျောင်းကြီးကျောင်းတိုက် သက်တော်ရှည်ဆရာတော်ကြီး အရှင်ပညာဒီပက နဂါးလှေလှော် ခြောက်စင်းမှ လှေတော်သား ၂၃ဝ တို့အား ပရိတ်မေတ္တာရေစင်များ သွန်းလောင်းပေးခဲ့ပြီး ချောင်းကြီးကျောင်းတိုက် ဓမ္မဗိမာန်၌ နဂါးလှေတော်သားများအား ဆုနှင်းသဘင် ကျင်းပခြင်းနှင့် သြဝါဒခံယူခဲ့ကြကြောင်းသိရသည်။ ထို့နောက် နဂါးလှေတော် ခြောက်စင်းမှ လှေတော်သားများက အလှပြယှဉ်ပြိုင်လှော်ခတ်ခြင်း၊ ဧည့်ပရိသတ် များအား အလှပြလှော်ခတ်ခဲ့ကြကြောင်း သိရသည်။

နဂါးလှေလှော်သဘင်ပွဲတော်မှာ တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်ပြီး ကောဇာသက္ကရာဇ် ၅၁၅ ခုနှစ်မှ စတင်ပေါ်ပေါက်လာခဲ့ရာ ယခုအခါနှစ်ပေါင်း ၈၆၄ နှစ်ရှိပြီး သက်တမ်းအရှည်အကြာဆုံး ပွဲတော်တစ်ခုဖြစ် ကြောင်း သိရသည်။ အဆိုပါ နဂါးလှေသဘင်ပွဲတော်ကို ရှေးယခင်မြန်မာမင်းများ လက်ထက်ကတည်းက ရေခင်းသဘင်ပုံစံဖြင့် ကျင်းပလာခဲ့ပြီး ရှေးမြန်မာမှတ်တမ်းများ တွင် တပ်မတော်သုံးလှေ၊ ပြည်ကြီးမွန်လှေ၊ နဝရာလှေ၊ လင်ဇင်းလှေ၊ ပြည်လုံးလှေ၊ သရဘူးလှေ၊ လောကဗိမာန်လှေ၊ ဝသုန်လှေ၊ နာဂဒေဝလှေ၊ ဒွါဒသရူပဘောင်လှေလှော် များစွာရှိပြီး နာဂဒေဝလှေဟာ နဂါးလှေဖြစ်ကြောင်း သိရသည်။

အဆိုပါနဂါးလှေသည် သစ်တစ်လုံးတည်းဖြင့် ထွင်းထုထားပြီး နဂါးလှေ တစ်စင်းတွင် လှေလှော်သား ၁၄ ဦးမှ ၄၂ ဦးအထိ ပါဝင်လှော်ခတ်ရကြောင်းနှင့် နဂါးလှေအလှပြ လှော်ခတ်ပူဇော်ပွဲကို ချောင်းကြီးကျောင်းတိုက်၏ မဟာစုပေါင်း ဘုံကထိန်ပွဲတော်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ၄ ရက်တွင် နှစ်စဉ်ကျင်းပ ခဲ့ကြကြောင်းနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ ချစ်ခင်မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နှစ်ပေါင်း ၈၆၄ သက်တမ်းရှိ ရှေးဟောင်းရိုးရာယဉ်ကျေးမှု နဂါးလှေလှော်ပွဲတော် တနင်္သာရီမြို့၌ ကျင်းပ နှစ်ပေါင်း ၈၆၄ သက်တမ်းရှိ ရှေးဟောင်းရိုးရာယဉ်ကျေးမှု နဂါးလှေလှော်ပွဲတော် တနင်္သာရီမြို့၌ ကျင်းပ Reviewed by THITHTOOLWIN on 08:24 Rating: 5
Powered by Blogger.