နိရဉ္စရာ၊ အောက်တိုဘာ ၁၅
မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများဟု ယူဆရသည့် ဘင်္ဂလီအမျိုးသမီး အလောင်းသုံးလောင်းကို မြန်မာနိုင်ငံနှင့် မျက်နာချင်းဆိုင် ဘင်္ဂလာဒေ့ရှ်၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက်မြို့နယ် ဆားပြင်အနီးရှိ နတ်မြစ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။
၎င်းအလောင်းသုံးလောင်းမှာ ဆွေးမြေ့ပျက်စီးနေပြီဖြစ်ကြောင်း၊ သူမတို့ ကိုယ်ပေါ်ရှိ အ၀တ်များမှာ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် ဘင်္ဂလီအမျိုးသမီးများ၏ အ၀တ်အစားများကဲ့သို့ ဖြစ်ကြောင်း၊ ၎င်း အလောင်းများကို မနေ့က (စနေနေ့) ညနေ ၉ နာရီက တက်ကနက်မြို့နယ် ဆားပြင်အနီးရှိ ကူရာမောက်အရပ်ရှိ နတ်မြစ်အတွင်းမှ တွေ့ရှိခဲ့ကြောင်း၊ ၎င်းအလောင်းများမှ မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် အမျိုးသမီးများ၏ အလောင်းဟု ယူဆရကြောင်း ၎င်းနယ်မြေမှ ရဲအရာရှိ တစ်ဦးဖြစ်သူ Afrajul Haque ပြောကြောင်း BD news24 သတင်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၈ ရက်နေ့ ညဉ့်အချိန်က မြန်မာဘက်မှ ထွက်ပြေးလာသည့် ဘင်္ဂလီလူမျိုးများကို တင်ဆောင်လာသည့် စက်လှေ တစ်စီးနစ်မြုပ်ခဲ့ရာ လူအများအပြား ရေနစ်သေဆုံးခဲ့ကြောင်း ၎င်းရဲ အရာရှိက ပြောကြားသည်။
ရှစ်ဦးကိုကယ်တင်နိုင်ခဲ့ပြီး ယခု တွေ့ရှိသည့် အမျိုးသမီး သုံးဦး အလောင်းနှင့် ပါဆိုလျှင် ယနေ့အချိန်ထိ အလောင်း ၃၄ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။ ယခု အမျိုးသမီး အလောင်း သုံးလောင်းကို မတွေ့ခင်က အလောင်း ၃၁ လောင်းကို ရှာဖွေ့တွေ့ရှိထားပြီး ယင်းအထဲတွင် အမျိုးသမီးအလောင်း ၁၇ လောင်း၊ အမျိုးသား တစ်ဦးအလောင်းနှင့် ကလေး အလောင်း ၁၃ လောင်း ပါဝင်သည်ဟု ရဲက ပြောသည်။
သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလီ အကြမ်းဖက်အဖွဲ့ ARSA မှ နယ်ခြားစောင့် စခန်း ၃၀ အား တိုက်ခိုက်မှုနောက်ပိုင်း ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှ ဘင်္ဂလီ လူမျိုးအများအပြား စက်လှေများ၊ ငါးဖမ်းလှေများဖြင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးနေကြရာ ယခုလို လှေနစ်မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
နတ်မြစ်အတွင်းမှ အမျိုးသမီးအလောင်း ၃ လောင်း ထပ်မံတွေ့ရှိ
Reviewed by THITHTOOLWIN
on
20:40
Rating: