ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရှင်းလင်း

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြုပ်နှံနိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က အစည်းအဝေးကျင်းပစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ စီးပွားရေးဇုန်၊ စက်မှုဇုန်တွေနဲ့ ဟိုတယ်ဇုန် ကဏ္ဍတွေမှာ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြုပ်နှံလို့ရနိုင်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပနဲ့ ဒေသတွင်းက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှာ ဒီနေ့ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမှန်မှန်နဲ့ ကြိုးပမ်းမယ်ဆိုရင် လက်ငင်းအောင်မြင်မှုရလာမှာ ဖြစ်တယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

ရှင်းလင်းပွဲအခမ်းအနားကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဌ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကောင်းမွန်တဲ့အနာဂတ်အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လုပ်ငန်းရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အရင်က ပြည်တွင်းပြည်ပက ရင်းနှီးမြုပ်နှံမှုပေါင်း ၂၀ လောက်ရှိနေပြီး နောက်ထပ် ရင်းနှီးမြုပ်နှံမှုတွေ ထပ်မံပေါ်ပေါက်လာဖို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ် ဦးညီပုကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဆင်းရဲနွမ်းပါးတာ၊ အထွေထွေအခြေခံလိုအပ်ချက်တွေများနေတာ၊ လူမှုရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရတာတွေနဲ့ ထိလွယ်ရှလွယ်ပြီး ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ ပဋိပက္ခတွေ ရှိနေတဲ့ဒေသ အဖြစ် မှတ်ယူနေကြတာတွေကြောင့် ဒါဟာ ရခိုင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရှင်းလင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ရှင်းလင်း Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.