ပြည်မြို့နယ်တွင် ကထိန်အလှူမှ ကျွေးသောအစား စားပြီး လူ(၆ဝ)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား


ပြည် အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ကထိန်အလှူမှကျွေးသည့် ဒန်ပေါက်ထမင်းနှင့်ရေခဲမုန့်များစားသောက်ပြီး အစာအဆိပ်သင့်မှုလူ(၆ဝ)ကျော်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝက်ထီးကန်တိုက်နယ်၊ နှောကန်အုပ်စု၊ နှောကန်ရပ်ကွက်ရှိ မာတုကာရုံ ကျောင်းတိုက်တွင် အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၁ဝ)နာရီခွဲခန့်အချိန်ကပြုလုပ်သည့် ကထိန်အလှူပွဲ၌ ဒန်ပေါက်ထမင်းနှင့်အချဉ်သုတ်၊ ရေခဲမုန့်တို့ကိုကျွေးမွေးဧည့်ခံခဲ့သည်။အလှူသို့လာရောက်ကြသူများ အနေဖြင့် နောက်တစ် ရက် နံနက်ပိုင်း အချိန်အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း နှင့် ကိုယ်လက်များလေးလံခြင်းတို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောကြားသည်။
 ''ဘယ်လိုဖြစ်တာလည်း ဆိုတော့ ကျွန်တော်တို့လုပ်တဲ့ကိုင်တဲ့လူတွေအားလုံး သိမ်းဆည်းပြီးတော့ (၁၁)နာရီလောက်မှာစားတယ်။ အဲဒါနဲ့ ညပိုင်းရောက်တော့ တစ်ယောက်ကဗိုက်အောင့်တယ်ဆိုပြီးကြားတာပဲ နောက်တော့ အလှူမှာလာစားတဲ့သူတွေ ပျို့တာအန်တာ ဗိုက်နာပြီး ဝမ်းသွားတာတွေဖြစ်ကုန်တော့တာပဲ စားတာက တော့ အလှူကကျွေးတဲ့ ဒန်ပေါက်နဲ့ကြက်သားပေါ့ ရေခဲမုန့်ကတော မစားတဲ့လူလည်းရှိတယ် စားတဲ့ လူလည်းရှိတယ် လက်ရှိဖြစ်နေတာကတော့ အန်တယ်အောက်ပိုင်းတွေ သိပ်ပြီးမဆွဲချင် တော့ဘူး ဖြစ်လာတယ်ဝမ်းသွားတာတွေများတယ်'' ဟု နှောကန်ရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်မောင် ကပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုကြောင့် နှောကန်ရပ်ကွက်အတွင်းမှ လူဦးရေ(၆ဝ)ကျော်ခန့် ဖြစ်ပွား နေပြီး ယင်းဒေသအနီးတဝိုက်မှ အလှူသို့လာရောက်စားသုံးသည့် ကွက်သစ်(၂)ရပ်ကွက်မှလူများလည်း ဖြစ်ပွားနေကြောင်း အောက်တိုဘာလ(၁၅)ရက်နေ့ ညနေပိုင်းအချိန်ထိ နှောကန်ရပ်ကွက်မှ အစာအဆိပ် သင့်လူနာ(၁၄)ဦး ဝက်ထီးကန်တိုက်နယ်ဆေးရုံသို့တက်ရောက်ကုသမှုခံယူနေရကြောင်းသိရသည်။

 လတ်တလောအခြေအနေအား ပြည်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကေခိုင်ဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများမှ ယာယီဆေးခန်းဖွင့်လှစ်၍ကုသမှုများပြုလုပ် ပေးလျက်ရှိနေသည်။ ''အခုဖြစ်တာက မနေ့ကအလှူကကျွေးတဲ့ ဒန်ပေါက်တွေစားပြီးဒီနေ့ကျတော့မှစားမိတဲ့လူတစ်ချို့မှာဖြစ်တဲ့လူများတာနဲ့ဆေးခန်းလာဖွင့်ပေးတာပါ စောင့်ကြည့်ဖို့လိုတဲ့ လူရှိသလို ဆေးရုံပို့ဖို့လိုအပ်တဲ့လူတွေကို ဆေးရုံပို့ထားပါတယ်။ ပြင်ပလူနာတွေအနေနဲ့ကတော့ ဒီမှာဆေးခန်းဖွင့်ကုသပေးနေပါတယ် အရမ်း စိုးရိမ်ရတဲ့လူနာတော့မရှိပါဘူး'' ဟု ဒေါက်တာ ကေခိုင်ဝင်း က ပြောကြားသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြည်မြို့နယ်တွင် ကထိန်အလှူမှ ကျွေးသောအစား စားပြီး လူ(၆ဝ)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား ပြည်မြို့နယ်တွင် ကထိန်အလှူမှ ကျွေးသောအစား စားပြီး လူ(၆ဝ)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.