၈.၁၀.၂၀၁၇ နေ့ နံက် ၉:၃၀ ခန့်က ဆိပ်မူကျေးရွာ အုပ်စု ဘဇံချောက် ကျေးရွာအနီးမှာ လုပ်ကွက်စောင့်ရဲတစ်ဦးရဲ့ ခြောက်လှန့်ပစ်ခတ်မှုကြောင့် ရေမဆေးရှာဖွေသူ တစ်ဦး သေဆုံးခဲ့ပါတယ် ။ သေဆုံးသူဟာ ဆိပ်မူအုပ်စု ကျောက်သွေးတောင်ရွာက အသက် (၁၈) နှစ်သာရှိသေးတဲ့ မောင်ဇင်လင်းဦးပါ ။ မောင်ဇင်လင်းဦးဟာ အောက်ပိုင်းဇာတိ မင်းကင်းမြို့နယ် မိုင်းတစ်ရာကျေးရွာက ဦးအောင်ဇော်ရဲ့သားပါ ။ သေနတ်နဲ့ပစ်ခံရတာက ဘဇံချောက် ကျေးရွာအနီး နယူးလပ်ကီး နှင့် တစ်သုံးလုံး ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ ကလုပ်ကွက်အနီးမှာ ပါ ။ ပစ်တာက လုပ်ကွက်စောင့် လုံခြုံရေး ရဲတပ်ရင်းအမှတ် (၃၀) မှ ဒုရဲအုပ် အောင်ကိုကိုခေါင်းဆောင်တဲ့ အင်အား ( ၉ ) ဦးပါ အဖွဲ့ထဲက တပ်ကြပ် ကျော်တင်ဦးက ပစ်တာပါ ။ မှန်သွားတာက ဝဲဘက် ( ဘယ်ဘက် ) ပေါင်ရင်းကို မှန်သွားတာပါ ။
ဖားကန့်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပေမဲ့ မြစ်ကြီးနားဆေးရုံကို လွှဲခဲ့တာကြောင့် ကွန်းဖောင်ဒေရှင်း လူမှုကူညီရေးကားနဲ့ မြစ်ကြီးနားဆေးရုံကို သွားရာမှာ ကာမိုင်းမြို့ရောက်ခါနီးမှာ မောင်ဇင်လင်းဦး သေဆုံးသွားခဲ့ပါတယ် ။ အလောင်းကို ပြန်လည်သယ်ဆောင်လာပြီး ဆိပ်မူကျေးရွာ သုတ်ဿန်မှာ ရေခဲခေါင်းနဲ့ထည့်ထားပြီး မိုင်းတစ်ရာကျေးရွာမှာ ရှိတဲ့ မောင်ဇင်လင်းဦး ရဲ့ မိဘတွေ ရောက်လာမှ သင်္ဂြိုလ်မယ်လို့ ဆိပ်မူကျေးရွာ ရဲကင်းမှူး ရဲအုပ် ဦးထွန်းအောင်က ဆိုပါတယ် ။
မောင်ဇင်လင်းဦး သေနတ်ထိမှန်တာဟာ လုပ်ကွက်ထဲမှာ မဟုတ်ဘူးလို့ ကျောက်သွေးတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးယောက ပြောပါတယ် ။ “ ကောင်လေးကို သေနတ်မှန်တာက လုပ်ကွက်ထဲမှာ မဟုတ်ဘူး ။ လုပ်ကွက်ထဲကို မဝင်ရသေးဘူး ။ တခြားရေမဆေးတွေလို လုပ်ကွက်ထဲ ဝင်ဘို့လုပ်နေတာလို့ပြောတယ် ” ဟု ဦးယောက ပြောပါတယ် ။
“ သေနတ်နဲ့ ပစ်ခတ်ခဲ့သူရဲတပ်ကြပ် ကျော်တင်ဦးဟာ ကိုက် (၃၀၀) လောက်ကနေ လှမ်းပြီး ခြောက်လှန့်ပစ်ခတ်တာ ။ ပစ်ခတ်ခဲ့သူကိုယ်တိုင် သေနတ်မှန်တာမသိဘူး ။ကျောက်ခဲကို အရင်ထိမှန်ပြီးမှ မောင်ဇင်လင်းဦး ပေါင်ကို ထိမှန်တာ ။ မှန်တဲ့ ဒဏ်ရာက မပြင်းဘူး ။ဒါပေမဲ့ သွေးကြောမကြီးကို ထိသွားလို့ သွေးထွက်လွန်သွားတာ ” ဟု ဆိပ်မူ ရဲကင်းမှူးက ပြောပါတယ် ။
သက်ဆိုင်ရာ ရဲတပ်ရင်းအနေနဲ့ ရဲတပ်ကြပ် ကျော်တင်ဦးကို ဘယ်လိုအရေးယူမယ်ဆိုတာ မသိရသေးပါဘူး ။နယူးလပ်ကီး နဲ့ တစ်သုံးလုံးကုမ္မဏီတွေဘက်ကတော့ မောင်ဇင်လင်းဦး မိဘတွေရောက်ခဲ့ရင် နစ်နာမှုထောက်ပံ့ကြေးငွေ ပေးသွားမယ်လို ကုမ္မဏီတွေရဲ့ တာဝန်ခံတွေ ထံက သိရပါတယ် ။
ဇော်မိုးထက် ( ဖားကန့် )
ရေမဆေးကျောက် ရှာဖွေသူ တစ်ဦး သေနတ်ထိမှန်သေဆုံး
Reviewed by THITHTOOLWIN
on
09:23
Rating: