မွန်ပါတီ မပေါင်းစည်းလို့ မွန်ပါတီ AMDP အလုပ်အမှုဆောင်တွေ နှုတ်ထွက်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကနေ နှုတ်ထွက်ခဲ့တဲ့ မွန်လွှတ်တော် ဒုတိယ ဥက္ကဌ ဦးအောင်နိုင်ဦး
မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းအောင် ပါတီ ခေါင်းဆောင်ပိုင်းက မဆောင်ရွက်နိုင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ရဲ့ ထိပ်ပိုင်းပါတီဝင်တွေ အပါအဝင် အလုပ်အမှုဆောင် (၇)ဦးက နှုတ်ထွက်စာတင်လိုက်ကြပါတယ်။

 အခု ပါတီဝင်တွေ နှုတ်ထွက်စာတင်ကြတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ဟာ မွန်ုပြည်နယ်မှာ အင်အား ကြီးနိုင်ငံရေးပါတီ တစ်ခု ဖြစ်ပြီး ပါတီရဲ့ မော်လမြိုင်မြို့နယ် ပါတီဥက္ကဌ၊ အတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင် (၅ )ဦးတို့ နှုတ်ထွက်ကြတာ ဖြစ်ပါတယ်။

 ပါတီခေါင်းဆောင်ပိုင်းဟာ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းပြီး ပါတီတခုတည်း ဖြစ်လာဖို့ မလုပ်ဆောင်နိုင်တော့ဘူးလို့ ယူဆတာကြောင့် အခုလိုစာတင်ရတာ ဖြစ်တယ်ဆိုပြီး နှုတ်ထွက်စာတင်ခဲ့တဲ့ AMDP ပါတီရဲ့ မော်လမြိုင်မြို့နယ် ဥက္ကဌ နိုင်အောင်ချမ်းက ဘီဘီစီကို ပြောပါတယ်။

ကျွန်တော်တို့လည်း ပါတီပေါင်းစည်းရေးအတွက် စောင့်လာတာ ၄ နှစ်လောက်ရှိလာပြီလေ။ ကျွန်တော်တို့က ပါတီပေါင်းချင်တယ် ပါတီ၂ ပါတီကို တပါတီထဲ ဖြစ်အောင်လုပ်ပေး။ ပါတီမပေါင်းသရွေ့ကျွန်တော်တို့ အားလုံးက ပါတီအရေးမဆောင်ရွက်တော့ဘူးဆိုပြီး အလုပ်အမှုဆောင်အားလုံး နှုတ်ထွက်တာပါ။ လို့ ပြောပါတယ်။

မွန်ပါတီတွေ ပေါင်းစည်းအောင် မလုပ်နိုင်လို့ ဆိုပြီး AMDP ပါတီဝင်တွေ နှုတ်ထွက်တာဟာ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ အခု ပါတီဝင် (၇)ဦးရဲ့ နှုတ်ထွက်စာနဲ့ ပတ်သက်လို့ အလုပ်အမှုဆောင် အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်မယ်လို့ AMDP ပါတီဖက်က ပြောပါတယ်။ လောလောဆယ်မှာ AMDP ပါတီအပြင်၊ မွန်အမျိုးသားပါတီ၊ မွန်အမျိုးသမီးပါတီ ဆိုပြီး မွန်ပါတီ (၃)ခု ကွဲနေတာ ဖြစ်ပါတယ်။ ဒီပါတီတွေပေါင်းစည်းပြီး မွန်နိုင်ငံရေးပါတီကြီး တခုတည်းဖြစ်လာဖို့ ဘယ်လောက်ဖြစ်နိုင်ချေ ရှိပါလဲ။ ပါတီပေါင်းဖို့အတွက် စောင့်ကြည့်ခဲ့ပြီး တတ်နိုင်သမျှ လိုက်လျောဖို့ကြိုးစားပေမဲ့ မဖြစ်ခဲ့ဘူး။ ပေါင်းဖို့မဖြစ်ရင်လည်း မဟာမိတ်အဖြစ်သွားနိုင်မလားဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ စဉ်းစားရမှာဖြစ်တယ်လို့ မွန်အမျိုးသားပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ချစ်ဦးက ပြောပါတယ်။

မွန်ပါတီတွေ ပေါင်းစည်းဖို့ နဲ့ ပတ်သက်လို့ တဖက်နဲ့ တဖက်နဲ့ ဝေဖန်ပြောဆိုနေချိန်မှာ ပါတီဝင်တွေရဲ့ နှုတ်ထွက်မှုတွေ က ဆက်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မွန်အမျိုးသား ပါတီရဲ့ ကျိုက်မရောမြို့နယ် ပါတီဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် မြို့နယ် နဲ့ ရပ်ကျေးအဆင့် ပါတီဝင် (၆၀)ကျော်ဟာ နှုတ်ထွက်ခဲ့ကြပါတယ်။ အခုပါတီဝင်တွေ ထပ်မံနှုတ်ထွက်ခဲ့တဲ့ AMDP ပါတီ ဖက်ကတော့ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းပြီး ပါတီတခုတည်း ဖြစ်လာဖို့ အလွတ်သဘော ဆွေးနွေးပွဲတွေနဲ့ စတင်လုပ်ဆောင်သွားမယ်လို့ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်စံတင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးဟာ မိခင်ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကနေ နှုတ်ထွက်ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
မွန်ပါတီ မပေါင်းစည်းလို့ မွန်ပါတီ AMDP အလုပ်အမှုဆောင်တွေ နှုတ်ထွက် မွန်ပါတီ မပေါင်းစည်းလို့ မွန်ပါတီ AMDP အလုပ်အမှုဆောင်တွေ နှုတ်ထွက် Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.