ဖရန့်ဖတ်မြို့မှာ ကမ္ဘာစစ်ကျန်ဗုံးကြီး တလုံးကို ရှင်းလင်းဖို့ပြင်

ဗုံးရှင်းမယ့် နေရာ ကို လူတွေ လာကြည့်နေကြ
ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာ အရင် ဒုတိယကမ္ဘာစစ်တုန်း က မပေါက်ကွဲ ပဲကျန်နေတဲ့ အလေးချိန် ၁ ဒဿမ ၄ တန်လောက်လေးတဲ့ ဗုံးတလုံး ကို ထိန်းချုပ်ဖောက်ခွဲပြီး ဘေးကင်းစိတ်ချရအောင် လုပ်ဖို့ စီစဉ်နေပါတယ်။

အဲဒီ ဗုံးကို ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဝင်းတခုအတွင်း မှာ တွေ့ခဲ့ရပြီး စစ်အတွင်းက ဗြိတိသျှ တို့ ကြဲချခဲ့တဲ့ဗုံးပါ။

ဒီလို လုံခြုံရေးအစီအစဉ် လုပ်ကြမှာမို့ လူပေါင်း ၆ သောင်းခွဲလောက်လည်း အိမ်တွေ ကနေ ထွက်ခွာပြီး ဘေးလွတ်ရာကို ရှောင်ကြရမှာပါ။

ဂျာမဏီမှာ ဒုတိယ ကမ္ဘာစစ် ပြီး ကတည်းကဆိုရင် လူတွေအများဆုံး ဘေးလွတ်ရာ ရှောင်ရတဲ့ အဖြစ် တခု လည်းဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ဘေးလွတ်ရာကိုမသွားတဲ့သူတွေ ကို အချုပ်ထဲထည့်ထားမယ် လို့ သတိပေးနေပါတယ်။

ဒေသစံတော်ချိန် မနက် ၈ နာရီ ဆိုရင် သတ်မှတ်ထားတဲ့ နေရာတဝိုက် က လူတွ အကုန် ရှောင်ရမှာ ဖြစ်ပြီး အနည်းဆုံး ၁၂ နာရီ ကြာ ရှောင်ကြရမှာပါ။

သတ်မှတ်ချိန်စေ့ရင် ရဲတွေ က ရဟတ်ယာဉ်တွေသုံးပြီး အပူချိန်တိုင်း ကင်မရာနဲ့ အိမ်တိုင်းကို စစ်ကာ လူတွေ ကျန်နေမနေ စစ်ဆေးမှာပါ။

အဲဒီ HC 4000 ဗုံးသာ ကွဲထွက်သွားရင် လမ်းတခုလုံး ပြားပြားဝပ်သွားနိုင်တယ် လို့ ဖရန့်ဖတ်မြို့မီးသတ်ဌာနနဲ့ရဲတပ်ဖွဲ့တို့ က သတိပေးပါတယ်။

အခုလို ရွှေ့ပြောင်းရမယ့် အထဲမှာ ဆေးရုံတွေလည်း သလို၊ ပင်စင်စား အငြိမ်းစား တွေနေထိုင်တဲ့ အိမ်ရာ ပေါင်း ၂၀ လောက်လည်း ပါဝင်ပါတယ်။

ဖရန့်ဖတ် ဟာ ဂျာမဏီရဲ့ ဘဏ္ဍာရေးမြို့တော်ဖြစ်သလို အခုရွှေ့ပြောင်းရမယ့် ဇုန်ထဲမှာ နိုင်ငံရဲ့ အရန်ရွှေပမာဏ စုစုပေါင်း ရဲ့ တဝက် ကို သိမ်းထားတဲ ဗဟိုဘဏ်လည်းရှိနေပါတယ်။

မြို့ကတာဝန်ရှိသူတွေ အနေနဲ့ တိမ်းရှောင်ရမယ့် သူတွေ အတွက် ခိုလှုံရာနေရာတွေစီစဉ်ပေးထားမှာ ဖြစ်ပြီးတော့ မြို့မှာ ရှိတဲ့ ပြတိုက်အများစု ကလည်း အခမဲ့ ဖွင့်ပေးထားပါလိမ့်မယ်။

ထောင်နဲ့ အရေအတွက် ချီတဲ့ ဗုံးတွေ ဂျာမဏီမှာ နှစ်တိုင်း ပြန်ရှင်းလင်း ရတာပါ၊ တနှစ်ကို ဗုံးတန်ချိန် ၂၀၀၀ လောက် ပျမ်းမျှနှုန်းနဲ့ ရှင်း ရတယ်လို့ သိရပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေ ကြဲချခဲ့တဲ့ဗုံးပေါင်း တန်ချိန်ပေါင်း ၂ ဒဿမ ရ သန်း ရှိခဲ့ပြီးတော့ အဲဒီ ထဲက တဝက်လောက်က ဂျာမဏီ နိုင်ငံထဲကို ကြဲချခဲ့တာပါ။

စနေနေ့ ကတော့ အခုနဗုံးရှင်းလင်းမယ့် နေရာ တဝိုက် ကို ဒေသခံတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေ သွားကြည့်ကြရင်း လူစည်ကားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖရန့်ဖတ်မြို့မှာ ကမ္ဘာစစ်ကျန်ဗုံးကြီး တလုံးကို ရှင်းလင်းဖို့ပြင် ဖရန့်ဖတ်မြို့မှာ ကမ္ဘာစစ်ကျန်ဗုံးကြီး တလုံးကို ရှင်းလင်းဖို့ပြင် Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.