ကျောက်တံခါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရဲစခန်း၏ အနောက်ဘက် ၆မိုင် ခန့်အကွာ ဂုံမင်းကွင်းကျေးရွာအုပ်စု ရမ်းတိုလာကျေးရွာ၌ စက်တင်ဘာ၂ရက်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်တံခါးမြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု ရမ်းတိုလာကျေးရွာနေဦးအမီဒီးယား ၃၆နှစ်သည် နေအိမ်တွင် မိသားစုနှင့် အတူအိပ်နေရာမှ တစ်ရေးနိုးစဉ် တစ်အိမ်တည်း အတူနေ အစ်ကိုဖြစ်သူ ဂျဂ္ဂဒီး ၄၅နှစ်မှ အိမ်ရှေ့မျက်နှာချင်းဆိုင်နေအိမ်မှ တူဝမ်းကွဲတော်စပ်သူ ဒါမိုဒါး ၁၉နှစ်(ဘ)ပါဆူရမ်းအား ငါးကောက်သွားရန် ခေါ်သံကြားရပြီးနောက် နေအိမ်နှင့် တစ်မိုင်ခန့်ဝေးသော လယ်ထဲရှိ ဆည်ခံထားသည့်နေရာသို့ ထွက်ခွာသွားခဲ့သည်။
နံနက် ၆နာရီအချိန်တွင် ဂျဂ္ဂဒီး၏သားဖြစ်သူ မနိုဟာလာ ၁၀နှစ်မှ ဆည်ထဲသို့ ထပ်မံလိုက်သွားခဲ့ပြီး နောက်မကြာခင်ရွာသို့ပြန်လည်ရောက်ရှိကာ ၎င်းဖခင်ဖြစ်သူမှာ ဆည်ထဲ၌ လည်ဂုတ်တွင် ၈လက်မခန့်ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် မှောက်လျှက်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရွာလူကြီးများအား ပြောပြ၍ သိရှိခဲ့ရသည်။
ကျောက်တံခါးမြို့မစခန်းမှုး ဒုရဲမှုးဇော်ထွန်း၊ ရဲအုပ်ကျော်သူထက်၊ အသိသက်သေများနှင့်အတူစစ်ဆေးဆောင်ရွက်ကာ အလောင်းအား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယူဆောင်လာခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စခန်းမှုးဒုရဲမှုးဇော်ထွန်းမှ စစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မရဲစခန်းမှ လူသတ်မှုဖြင့် အမှုဖွင့်လှစ်ပြီး တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့နယ်မှုး ဒုရဲမှုးအောင်ကျော်ကျော်မှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)
ကမ္ဘောဇသာဒီသတင်း
ကျောက်တံခါးမြို့နယ်၌ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:12
Rating: