မရမ်းချောင် စစ်ဆေးရေး ဂိတ်စတင်ဖွင့်လှစ်ချိန်မှ ၇ လဝန်းကျင်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၂၁၆)စီး ဖမ်းဆီးရမိ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် ကျေးရွာအနီးရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်စတင်ဖွင့်လှစ်ချိန်မှ စက်တင်ဘာ ၂၅ ရက်အထိ လိုင်စင်မဲ့မော်တော်ယာဉ် (၂၁၆) စီး ဖမ်းဆီးရမိခဲ့ကြောင်း မရမ်းချောင် စစ်ဆေးရေးစခန်း သိရှိရသည်။

 ဂိတ်စတင်ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် မတ် ၁ မှ စက်တင်ဘာ ၂၅ ရက်အထိ တရားမဝင်ကုန်စည်များနှင့် အတူ ဥပဒေနှင့် မညီသော ပစ္စည်းများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိစေရန်အပြင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူနေခြင်းဖြစ်ကြောင်း မရမ်းချောင်စစ်ဆေးရေးစခန်းတာဝန်ခံ ဦးဇော်မင်းသိန်းက ပြောသည်။
 “လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ ပတ်သက်ပြီး ဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ လမ်းပေါ်မှာဆိုရင်တော့ ကြပ်မတ် စစ်ဆေးတယ်။ ဂိတ်ကို ရှောင်ကွင်းပြီးသွားလာနေတဲ့ လမ်းတွေပေါ်မှာ ကျတော့ သတင်းရရှိမှု အပေါ်မူတည်ပြီး ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးတဲ့နေရာမှာလည်း တရားမဝင်ကုန်စည်တွေအပြင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေပါ ဖမ်းဆီးပါတယ်။ လိုင်စင်မဲ့ကားကိုတော့ ကျွန်တော်တို့က ပထမဆုံး သံသယအနေနဲ့ စစ်ဆေးပြီး ထိန်းသိမ်းထား တယ်။ ပိုင်ရှင်တွေကတော့ လိုင်စင်ရှိကြောင်း အထောက်အထားပြနိုင်ရင်တော့ လုပ်ထုံး၊ လုပ်နည်းအရ စစ်ဆေးပြီး ပြန်ပေးတယ်။ က.ည.နက စစ်လို့ အထောက် အထားမမှန်ရင်တော့ အမှုဖွင့်သိမ်းဆည်းပါတယ်။”ဟု ဦးဇော်မင်းသိန်းက ပြောသည်။

 သိမ်းဆည်ထားသော မော်တော်ယာဉ်များအား ပြည်သူ့ဘဏ္ဍာသိမ်းဆည်းမိန့်ထုတ်ကာ အကောက်ခွန်ဦးစီး ဌာန (ရန်ကုန်ရုံးချုပ်)အားတင်ပြပြီး ၎င်းမှတဆင့်ဝန်ကြီးဌာနသို့တင်ပြကာ ဆက်လက်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ဦးဇော်မင်းသိန်းကပြောသည်။

 လိုင်စင်မဲ့မော်တော်ယာဉ်မောင်းနှင်လာသူများအား လိုင်စင်မဲ့ယာဉ်မောင်းနှင်မှုနှင့်ပတ်သက်၍ ထွက်ဆိုချက်များ ရယူထားကာ ပင်လယ်ရေကြောင်းဥပဒေပုဒ်မဖြင့် ယာဉ်များကိုသာ သိမ်းဆည်းပြီး ယာဉ်မောင်းများအား ဖမ်းဆီးအရေးယူခြင်း မရှိကြောင်း သိရသည်။

 လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်ပတ်သက်၍ အထက်ဌာန၏ ညွှန်ကြားချက်များရရှိလာပါက ယာဉ်မောင်းများ ကိုပါ ပို့ကုန်သွင်းကုန်ပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မရမ်းချောင်ကုန်သွယ်မှု စစ်ဆေးရေးဂိတ်တွင် အကောက်ခွန်ဌာန၊ စားသုံးသူကာကွယ်ရေးဦးစီးဌာန၊ ရဲ တပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်း မှုဌာန၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနများပါသည့် ပူးပေါင်းအဖွဲ့ (၁၁)ဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မရမ်းချောင် စစ်ဆေးရေး ဂိတ်စတင်ဖွင့်လှစ်ချိန်မှ ၇ လဝန်းကျင်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၂၁၆)စီး ဖမ်းဆီးရမိ မရမ်းချောင် စစ်ဆေးရေး ဂိတ်စတင်ဖွင့်လှစ်ချိန်မှ ၇ လဝန်းကျင်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ် (၂၁၆)စီး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.