ငေါ့ချမ်းခလွင်ပြင်ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ သတင်းစာရှင်လင်ပွဲကို ရန်ကုန်မှာ ကျင်းပခဲ့ |
တရုတ်ပြည်နဲ့ နယ်စပ်ချင်း ထိကပ်နေတဲ့ ငေါ့်ချမ်းခလွင်ပြင်ဒေသမှာ ရေကာတာ ၄ ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ခွင့်ကို ပြည်တွင်း ကုမ္ပဏီ တခုဖြစ်တဲ့ International Group of Entrepreneurs Co. Ltd (IGE) လုပ်ငန်းစုနဲ့ တရုတ်နိုင်ငံက ယူနန် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ YEIG (Yunnan Energy Investment Group) တို့က ပူးတွဲလုပ်ကိုင်ခွင့်ရရှိထားတာပါ။
ဒီဒေသမှာ ရေကာတာတည်ဆောက်ရင် အဲဒီမှာ အမှီတံကဲ ပြုနေတဲ့ မျိုးတုံးလု ရှားပါးတိရစ္ဆာန်တွေ၊ ဆေးဖက်ဝင်အပင်တွေ၊ ဇီဝမျိုးစိတ်တွေ ပျက်သုဉ်းမှာကို ပူပန်နေကြသလို ကချင်လူမျိုးစုတွေရဲ့ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ပျက်စီးသွားမှာကိုလည်း စိုးရိမ်နေတယ်လို့ ငေါ့်ချမ်းခဒေသခံတဦးဖြစ်တဲ့ ကိုဇောင်လွမ်းက ဘီဘီစီကို ပြောပါတယ်။
ရေကာတာတည်ဆောက်မှုကို ကန့်ကွက်နေတဲ့ ဒေသခံတွေရဲ့ကိုယ်ရေးအကျဉ်းနဲ့ ကန့်ကွက်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ချီဖွေ ဒေသအာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇွန်လက မေးမြန်းခဲ့တာတွေလည်း ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် ကုမ္ပဏီက မြေစမ်းမှုတွေ ပြုလုပ်လာတာကြောင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရတာလို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်ရာမှာ အစိုးရဘက်ကတော့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အပါအဝင် ကချင်ပြည်နယ်က ရေကာတာ စီမံကိန်းတွေကို လောလောဆယ် ရပ်တန့်ထားတယ်လို့ ဆိုပြီး လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီအနေနဲ့တော့ အဲဒီမှာ ရှိနှင့်ပြီး သူတို့ရဲ့ အဆောက်အအုံတွေကို စစ်ဆေးတာမျိုးတော့ ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။
ငေါ့်ချမ်ခလွင်ပြင်ဒေသမှာ ကျေးရွာ ၁၆ ရွာ ၊ အိမ်ခြေ ၇၀ဝ ရှိပြီး လူဦးရေ ၄,၅၀ဝ ကျော် နေထိုင်နေကြပါတယ်။ ဒီဒေသမှာ လချိတ်၊ လဝမ်၊ လီဆူးနဲ့ ငေါ့ချမ်း တိုင်ရင်းသားတွေ မူလရင်းမြစ် နေထိုင်လာကြတဲ့ နေရာဖြစ်လို့ အာဏာပိုင်တွေဘက်က စီမံကိန်း ရပ်ဆိုင်းပေးတဲ့အထိ ကန့်ကွက်ဆန္ဒပြသွားကြမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးကာ လွှတ်တော်ကို တင်ပြဖို့ရှိပြီး တစုံတရာ ထူးခြားလာတာမျိုး မရှိရင် နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတ အပါအဝင် သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
စီမံကိန်းလုပ်ဆောင်ခွင့် ရထားတဲ့ ပြည်တွင်း ကုမ္ပဏီ IGE ဟာ စစ်အရာရှိဟောင်းလည်းဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် အမတ်ဟောင်းလည်း ဖြစ်ခဲ့သူ ဦးအောင်သောင်းရဲ့ သားတွေ ပိုင်ဆိုင်ပြီး စွမ်းအင်ကဏ္ဍ အပါအဝင် စီးပွားလုပ်ငန်း အတော်များများကို လုပ်ကိုင်နေတဲ့ လုပ်ငန်းစုကြီး တခု ဖြစ်ပါတယ်။
ယူနန် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီ (YEIG) ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ပိုင်ဖြစ်ပါတယ်။
ငေါ့်ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းတွေ စတင်ဖို့ကို ၂၀ဝ၉ ခုနှစ်မှာ တရုတ်ကုမ္ပဏီနဲ့ အဲဒီတုန်းက အာဏာသိမ်း တပ်မတော်အစိုးရတို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ငေါ့ချမ်းခစီမံကိန်း ဒေသခံတွေကန့်ကွက်
Reviewed by THITHTOOLWIN
on
17:04
Rating: