စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ တောင်းဆို

ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ဆရာတော် ဦးဝီရသူကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ရခိုင်ပြည်နယ် မောင်တောမြို့မှာ အရေးပေါ် အခြေအနေ ပြဌာန်းပေးဖို့၊ စစ်အုပ်ချုပ်ရေး ပြဌာန်းပေးဖို့ ဆရာတော် ဦးဝီရသူက တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်တာပါ။

ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃၂ ဦးကို အလိုမရှိကြောင်းနဲ့ သူတို့တွေ ဘူးသီးတောင် မောင်တောဒေသကို သွားကြဖို့ကိုလည်း မိန့်ကြားပါ တယ်။ မကြာသေးခင်က ပြည်သူ့လွှတ်တော်မှာ ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ရာဝဇတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး အစီအမံတွေချမှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ အဆိုကို လွှတ်တော်က မဲခွဲရာမှာ ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၃၂ ဦး ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီအဆိုကို မှတ်တမ်းအဖြစ်ထားရှိခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဖိအားကိုကြောက်သူ ဖြစ်တယ် လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့  အမည်ကို ထုတ်ဖေါ်ပြောဆိုခြင်း မပြုပဲ မိန့်ကြားပါတယ်။

မောင်တောဒေသရဲ့ လုံခြုံရေးကို တာဝန်ယူနိုင်သူဟာ တပ်မတော်သာဖြစ်ကြောင်း မောင်တောဒေသကို သွားရောက် ခဲ့စဉ် ကြားသိခဲ့ရတာတွေနဲ့ ဥပမာပေး ပြီး ဟောပြောခဲ့ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဦးဝီရသူကို ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ကစပြီး လာမယ့် ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ တရားဟောခွင့်ပိတ် ထားတာဖြစ်ပါတယ်။ မဟနရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ တောင်းဆို စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ တောင်းဆို Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.