ရှမ်းဒုက္ခသည်များကော်မတီက သြဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ Photo: Aung Moe Myint/ RFA |
လာမယ့် အောက်တိုဘာလမှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်မှာဖြစ်တဲ့အတွက် တောင်းဆိုရတာ ဖြစ်ကြောင်း ကုန်းကျော်ဒုက္ခသည်စခန်းက စခန်းကော်မတီ ဥက္ကဌ လုံစိုင်းလျန်း က ပြောပါတယ်။
"အခု စက်တင်ဘာက နောက်ဆုံး Issue ပဲ၊ သူတို့က အထောက်အပံ့က ရပ်တော့မယ်။ လက်ရှိ ဗမာပြည် ရှမ်းပြည်ရဲ့ စစ်ရေး နိုင်ငံရေး အခြေအနေကို သုံးသပ် လိုက်လို့ ရှိရင် စစ်ပြေးဒုက္ခသည်တွေ က ဘယ်လိုမှ ပြန်လို့မရဘူး ကိုယ့်နေရာကိုယ် ပြန်လို့မရသေးဘူး ဒီအချိန်မှာ ပြန်လို့ မရသေးဘူး ဆိုတော့ ဒီစစ်ပြေး ဒုက္ခသည်ကို ထောက်ပံ့နေတဲ့ အထောက်အပံ့က ရပ်လိုက်လို့ ရှိရင် ဒီလူတွေက လုံးဝ ဖယိုဖရဲ ဖြစ်တော့မယ် အဲ့ဒါကို ဆက်ပြီးတော့ အကူအညီပေးဖို့ အတွက်ကို အဓိက ဒီနေ့၊ ဒါ သူတို့က လုံးဝ ဒီစစ်ပြေးဒုက္ခသည်တွေ၊ IDP တွေရဲ့ ဆန္ဒကို လုံးဝမမေးပဲနဲ့ ခင်ဗျားတို့ စက်တင်ဘာကျရင် ရပ်ပြီး ဒီလိုပဲ ပြောလိုက် တာ ဆိုတော့ ဒါက လုံးဝ ဦးတို့အတွက်တော့ ဒါက တအားအကျဉ်းအကြပ် ဖြစ်သွားတာပေါ့နော်"
ဒီကနေ့ ရှမ်းဒုက္ခသည်များကော်မတီက နိုင်ငံတကာအဖွဲ့အစည်းတွေကို အရေးပေါ် မေတ္တာရပ်ခံချက် တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်မှာလည်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကျင်းပခဲ့ပါတယ်။
ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာရှိတဲ့ ကောင်းမုန်မုန်း ၊ လွိုင်တိုင်း လျန်း ၊ လွိုင်လမ် ၊ ကုန်းကျော် ၊လွိုင်ဆမ်ဆစ် ၊ လွိုင်ကော်ဝမ်း စတဲ့ဒုက္ခသည် စခန်းတွေကို ကူညီထောက်ပံ့မှုတွေ ရပ်မှာဖြစ်ပါတယ်။
ရှမ်းဒုက္ခသည်အများစုဟာ ၁၉၉၆ ခုနှစ်ကစလို့ တပ်မတော် ၊ UWSA ၀ စစ်တပ်နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး နောက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့တွေက အခြေချ နေရာယူထားမှုတွေကြောင့် ထိုင်းမြန်မာ နယ်စပ်ကို ရောက်ရှိလာကြ တာဖြစ်တယ် လို့လည်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံရေးအခြေအနေ ပြောင်းလဲလာတဲ့ အတွက်ဆိုပြီး ဆန်နဲ့ ဆား သာထောက်ပံ့ပေးခဲ့ပြီး ဆန်ကိုလည်း လူတစ်ယောက်ကို တစ်လစာအတွက် ၁၆ ကီလို ထောက်ပံ့ခဲ့ရာက အခုအခါ ၁၃ ကီလိုသာထောက်ပံ့ပေးပြီး အခုနောက်ဆုံး အောက်တိုဘာလမှာတော့ ထောက်ပံ့ပေးမှုတွေကို ရပ်တန့်တော့ မှာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရှမ်းဒုက္ခသည်စခန်းတွေ ထောက်ပံ့မှုမရနိုင်တော့
Reviewed by THITHTOOLWIN
on
18:27
Rating: