မိတ္ထီလာ ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာကျေးရွာအုပ်စု ကျွန်းဖိုပင်ကျေးရွာတွင် ဇူလိုင် ၇ ရက် နံနက် ၁၁ နာရီက မူးယစ်ဆေးဝါး ဆေးပြားများ လက်ဝယ်တွေ့ရှိ၍ ဖမ်းဆီးခံရသည့် အမျိုးသမီး၏ မတ်တော်စပ်သူက လက်ထိတ်ခတ်ဖမ်းဆီးသည့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်သူအား ကတ်ကြေးဖြင့် ဝင်ရောက်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျွန်းဖိုပင်ကျေးရွာနေ ဦးရဲကြီး(ခ)ကိုရဲ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်နေကြောင်း သတင်းအရ ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေစစ်ဆေးစဉ် နေအိမ်အတွင်း မမျိုးမျိုးအား ၄င်းလက်ထဲတွင် ကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အဖြူရောင်ဖြင့်ထည့်ထားသည်သော ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ နှင့် နေအိမ် ဗီရိုသော့တစ်ချောင်းအား တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။
သိမ်းဆည်းရမိသည့် ဗီရိုသော့ဖြင့် နေအိမ်အတွင်းရှိ ဗီရိုအားဖွင့်ပြီး ဆက်လက်စစ်ဆေးရာ အဝတ်အထည်များ၏အောက်တွင် ဝှက်ထားသည့် ၈၈/၁ စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၂ဝဝ ပါ နှစ်ထုပ် စုစုပေါင်း ဆေးပြား ၆ဝဝ ပြား၊ (အလေးချိန် သုည ဒသမ ၆ ကီလို ဂရမ်) တစ်ပြားလျှင် ကျပ် ၃ဝဝဝ နှုန်းဖြင့် ကာလ တန်ဖိုးငွေကျပ် ၁၈ သိန်းဖိုးခန့်အား တွေ့ရှိသဖြင့် မမျိုးမျိုးအား ရဲတပ်ဖွဲ့ဝင်အမျိုးသမီး ရဲတပ်သား သင်းဆုဆုဝေက လက်ထိတ်ခတ် ဖမ်းဆီးစဉ် မမျိုးမျိုး၏ မတ်တော်စပ်သူ အောင်မြင့်ကြည်က အရိုးအသွား ရှစ်လက်မခန့်ရှိ ကတ်ကြေးဖြင့် ဝင်ရောက်ထိုးခဲ့ရာ ရဲတပ်သား သင်းဆုဆုဝေက ပြန်လည်ခုခံကာကွယ်စဉ် ဒဏ်ရာများ ရရှိခဲ့သည်။
အမျိုးသမီးရဲတပ်ဖွဲ့ဝင်အား ကတ်ကြေးဖြင့် ထိုးပြီးနောက် အောင်မြင့်ကြည်နှင့် ရဲကြီး(ခ)ကိုရဲတို့မှာ နေအိမ်အပြင်ဘက်သို့ ထွက်ပြေးရာ အသင့် စောင့်ဆိုင်းနေသည့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဟန်းဆက်နှစ်ခု၊ ဆိုင်ကယ်နှစ်စီး၊ မော်တော်ယာဉ် တစ်စီးတို့ကို သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိသူများအား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily/
အမျိုးသမီးရဲတပ်ဖွဲ့ဝင်အား ကတ်ကြေးဖြင့်ထိုးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
11:15
Rating: