နေရပ်ပြန်မြန်မာလုပ်သားတွေဆီ ကနေ ငွေကြေးကောက်ယူတာ မလုပ်ဖို့ ထိုင်းရဲချုပ်သတိပေး

ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
ထိုင်းနိုင်ငံကနေ ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေဆီကနေ ငွေကြေးကောက်ယူခြင်းမလုပ်ဖို့ ထိုင်းရဲတပ်ဖွဲ့ ၀င်တွေကို ရဲချုပ်က မနေ့က သတိပေးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို ပြန်တဲ့ အလုပ်သမားတွေဆီကနေ ငွေတောင်းနေတဲ့ ရဲတွေကို ဗွီဒီယို ရိုက် ပြီးနောက် ထိုင်းနိုင်ငံက ရုပ်သံသတင်းဌာနတွေရဲ့ သတင်းတွေကနေတဆင့် ထိုင်းရဲချုပ်က သတိပေးလိုက် တာဖြစ်တယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

"အိမ်ပြန်မယ့် တရားမ၀င်အလုပ်သမားတွေကိုရော၊ စာရွက်စာတန်းမပြည့်စုံတဲ့ အလုပ်သမားတွေရော ပြီးတော့ ထိုင်းအလုပ်ရှင်တွေဆီ ကရော ငွေယူ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ထိုင်းရဲမှန်သမျှကို ထိထိရောက်ရောက်အရေးယူမယ်။ ဒါမျိုးကြေညာထားတယ်။ အဓိကက အိမ်ပြန်နေတဲ့ အလုပ် သမားတွေ ငွေညှစ်နေတာတွေကို ကျနော်တို့ ဗွီဒီယိုတက်ပြီး သိသွားတဲ့ နောက်မှ နောက်တစ်ရက်မှာ အဲ့ဒီအမိန့်ကို ပြန်ထုတ် တာပေါ့နော်။ အဲ့အမိန့်ကတော့ တရားဝင်ကို ထုတ်ပြန်တာဖြစ်တယ်။ ထိုင်းရုပ်သံသတင်းတွေမှာတက်ပြီဆိုရင် အမှန်အကန်ထုတ်ပြန်တာ ဖြစ်တယ်ပေါ့နော်၊ မဟုတ်ဘဲနဲ့ သူတို့ ပြောလို့မရဘူး"

တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးနေတဲ့ စီမံချက်စပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်အဝေးပြေးကားဂိတ် နားမှာ မြန်မာအလုပ်သမားတွေဆီကနေ ထိုင်းရဲ ၃ ယောက် က ငွေတောင်းနေတဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဗွီဒီယိုမှာ ငွေတောင်းနေတဲ့ ထိုင်းရဲ ၃ ယောက်ကို ရာထူးချပြီး နယ်မြေပြောင်းတဲ့ ပြစ်ဒဏ်နဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ကြောင့် သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ဂိတ် အသီးသီးကနေ မြန်မာပြည်ကို ပြန်လာနေ ကြတာဖြစ်ပါတယ်။အဲဒီလိုပြန်လာရာမှာ နှစ်နိုင်ငံလ၀ကအကြား သဘောတူညီချက်နဲ့ နယ်စပ်ကို အခမဲ့ပို့ဆောင်ပေးတာတွေရှိနေပေမယ့် ပွဲစားတွေ ကို ငွေကြေးပေးပြီး ပြန်လာ ကြတဲ့ မြန်မာအလုပ်သမားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
နေရပ်ပြန်မြန်မာလုပ်သားတွေဆီ ကနေ ငွေကြေးကောက်ယူတာ မလုပ်ဖို့ ထိုင်းရဲချုပ်သတိပေး နေရပ်ပြန်မြန်မာလုပ်သားတွေဆီ ကနေ ငွေကြေးကောက်ယူတာ မလုပ်ဖို့ ထိုင်းရဲချုပ်သတိပေး Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.