ဘူးသီးတောင် မောင်တော ရသေ့တောင်ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစီရင်ခံစာတင်မည်

( ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ် ) Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ "ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေ စိုးရိမ်နေမှုများအား လေ့လာစုံစမ်းရေး ကော်မတီ"ဟာ သက်ဆိုင်ရာမြို့နယ်တွေကို ၃ရက်ကြာ သွားရောက်ကွင်းဆင်းလေ့လာထားတဲ့ တွေ့ရှိချက်တွေကို လာမယ့်ဇူလိုင်လ ၁၁ ရက်နေ့ ပြန်လည်ကျင်းပမယ့် ပြည်နယ်လွှတ်တော်မှာ အစီရင်ခံစာတင်သွင်းသွားမယ်လို့ သိရပါတယ်။

ဒေသခံတွေဘက်က လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတဲ့ အချက်တွေကို အစီရင်ခံစာမှာ ထည့်သွင်းရေးသားသွားမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကပြောပါတယ်။

"ကျနော်တို့ ကြားခဲ့ရတဲ့အသံတွေကတော့ လုံခြုံရေးကို သူတို့အားမရဘူးခင်ဗျ။ လုံခြုံရေးကို သူတို့က အားကိုးတဲ့ အနေအထားမှာ မရှိဘူးဖြစ်နေတယ်။ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှု အခြေအနေတွေက အမြင့်ဆုံးအခြေအနေကို ရောက်နေတယ်ခင်ဗျ။"

ရခိုင်ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကော်မတီအနေနဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို အခုလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သွားရောက်ပြီး ကွင်းဆင်းလေ့လာခဲ့တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေကို အစိုးရဘက်က လုံခြုံရေးအရ ကာကွယ်ပေးမှု အနေအထားတွေ၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှု အခြေအနေတွေ၊ စားနပ်ရိက္ခာအခက်အခဲတွေ၊ နယ်စပ်ကာကွယ်ရေး ရေတို ရေရှည် စီမံကိန်းတွေ အစရှိတဲ့အချက်တွေကို လေ့လာဖို့ ရခိုင်ပြည်နယ်လွှတ်တော်က အဲဒီကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေ စိုးရိမ်နေမှုများအား လေ့လာစုံစမ်းရေး ကော်မတီအနေနဲ့ လွှတ်တော်ထံ အစီရင်ခံစာတင်သွင်းပြီးတဲ့အခါ ကော်မတီကို ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ဘူးသီးတောင် မောင်တော ရသေ့တောင်ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစီရင်ခံစာတင်မည် ဘူးသီးတောင် မောင်တော ရသေ့တောင်ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို အစီရင်ခံစာတင်မည် Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.