ချစ်ခြင်းကို မခွဲဖို့ ပြောရင်းက လူသတ်မှု ဖြစ်

တာမွေမြို့နယ်တွင် လူသတ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များက ၁၄ နာရီအတွင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်တွင် ဇူလိုင်လ ၆ ရက်နေ့ ညနေ ၈ နာရီခန့် က လူသတ်မှုကျူးလွန်သူ သက်မှူးခင်(ခ) သက်နှင်းအေးက သေဆုံးသူ မကေကေအောင်၏ မောင်အရင်းဖြစ်သူနှင့် ချစ်ကြိုက်နေသည့်အတွက် ၎င်းတို့ချစ်ခြင်းကိုမခွဲရန် မကေကေအောင်အားပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုစဉ် လက်မခံသဖြင့် စကားအခြေအတင်များခဲ့ရာကနေ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။


ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်နေ မ----- သည် နေအိမ်၌ ရှိနေစဉ် အစ်မဖြစ်သူ မကေကေအောင်၏ ချစ်သူဖြစ်သူ ရောက်ရှိလာပြီး အစ်မဖြစ်သူမှာ ၎င်း၏အိမ်အောက်ထပ်မီးဖိုခန်းတွင် ဓားဒဏ်ရာများဖြင့် လဲကျနေသဖြင့် သျှင်ပါကူဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းပြောသဖြင့် နှစ်ယောက်အတူ ဆေးရုံသို့သွားရောက်၍ကြည့်ရှုခဲ့ပါသည်။

အစ်မဖြစ်သူ မကေကေအောင်အား ဆေးရုံလက်တွန်း လှည်းပေါ်တင်၍ သယ်ဆောင်နေသည်ကိုတွေ့မြင့်ရပြီး လိုက်လံကြည့်ရှု့ရာ အစ်မဖြစ်သူမှာ လည်ပင်း(၃) လက်မခန့်ပြတ်ရှဒဏ်ရာ၊ ၀ဲပါး (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ၀ဲတံတောင်ပွန်းဒဏ်ရာများဖြင့် သေဆုံးနေသည် တွေ့ရှိရသဖြင့် ယင်းသို့သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း (ပ)၄၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့သည်။


အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အခင်းဖြစ်နေအိမ်သို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးရဲတပ်ဖွဲ့ဝင် များ၊ အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။

အမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်းနေအိမ်တွင်နေထိုင်သူ မရွန်းလဲ့ဝေ(ခ) ရကောက်အား စစ်မေးရာ မကေကေအောင်သည် ညနေ ၆နာရီကျော် အချိန်ခန့်တွင် ၎င်းနေထိုင်မကောင်းသဖြင့် စားစရာများနှင့်အတူ နေအိမ်သို့ရောက်ရှိလာကြောင်း၊ ထို့နောက် နေအိမ်အပေါ်ထပ်တွင် စကားပြော
ဆိုပြီး အောက်ထပ်သို့ဆင်းသွားခဲ့ကြောင်း၊ ခဏအကြာ ၎င်းမှ နေအိမ်ဝရန်တာမှနေ၍ အောက်သို့ကြည့်ရာ မကေကေအောင်၏ မော်တော်ယာဉ်မှာ နေအိမ်ရှေ့တွင်ရှိနေသည်ကို တွေ့ရသဖြင့် နေအိမ်အောက်ထပ်သို့ဆင်းကြည့်ရာ မကေကေအောင်မှာ မီးဖိုခန်းအတွင်းသွေးအိုင်ထဲတွင်
မှောက်လျက်အနေအထားဖြင့်လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် သက်မှူးခင်(ခ) သက်နှင်းအေးအားတွေ့ရှိရကြောင်း စစ်ဆေးသိရှိရသဖြင့် အခင်းဖြစ်နေရာ အနီးရှိသူ သက်မှူးခင်(ခ) သက်နှင်းအေးအား ဆက်လက်စစ်ဆေးရာ ၎င်းသည် သေဆုံးသူ မကေကေအောင်၏ မောင်အရင်းဖြစ်သူနှင့် ချစ်ကြိုက်နေသည့်အတွက် ၎င်းတို့ချစ်ခြင်းကိုမခွဲရန် မကေကေအောင်အားပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုစဉ် လက်မခံသဖြင့် စကားအခြေအတင်များခဲ့ကြကြောင်း၊ ထို့နောက် မကေကေအောင်မှ မီးဖိုချောင်အတွင်းမှ လှည့်အထွက်တွင် ၎င်းမှ နောက်ကသိုင်းဖက်၍ အနီးရှိဟင်းရွက်လှီး ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထို့နောက်ဓားအား မီးဖိုချောင်အခန်းထောင့်တွင် လွင့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


ပေါ်ပေါက်ချက်အရ သက်မှူးခင်(ခ)သက်နှင်းအေး၊ (၂၁)နှစ်အားဖြောင့်ချက်ရယူပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်

ချစ်ခြင်းကို မခွဲဖို့ ပြောရင်းက လူသတ်မှု ဖြစ် ချစ်ခြင်းကို မခွဲဖို့ ပြောရင်းက  လူသတ်မှု ဖြစ် Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.