အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦး အက်စစ်နဲ့(၅)ကြိမ်မြောက် တိုက်ခိုက်ခံရ


အိန္ဒိယနိုင်ငံ၊Uttar Pradesh(အူတာပရာဒတ်ရှ်)ပြည်နယ်မှ အမျိုးသမီးဟာ တစ်ကြိမ်အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရသလို၊ အက်စစ်နဲ့(၄)ကြိမ် တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ သူမကိုပဲ ပစ်မှတ်ထားကာ နောက်ထပ်တစ်ကြိမ် အက်စစ်နဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ(၃)ရက်နေ့ သတင်းအရ သိရပါတယ်။

သူမဟာ Lucknow(လပ်ခ်နောင်း)မြို့ အမျိုးသမီးဘော်ဒါဆောင် အပြင်ဘက်ရှိ ရေတုံကင်မှာရေခတ်နေစဉ် အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ရဲကဆိုပါတယ်။ အသက်(၃၅)နှစ်အရွယ် အဆိုပါ အမျိုးသမီးဟာ ယခင်တိုက်ခိုက်ခံခဲ့ရမှုတွေကြောင့် ရဲတပ်ဖွဲ့က သူမကို(၂၄)နာရီပတ်လုံး ကာကွယ်ပေးလျက်ရှိပါတယ်။ သူမကို ကာကွယ်ပေးနေတဲ့ကြားကမှ ယခုလိုထပ်မံဖြစ်ပွားခဲ့တာကြောင့် ပြည်သူတွေက အာဏာပိုင်တွေအပေါ် ဒေါသထွက်လျက်ရှိနေပါတယ်။ သူမဟာ(၂၀၀၈)ခုနှစ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရပြီး၊ အိမ်ယာပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ပထမဆုံးအကြိမ် အမျိုးသားနှစ်ဦးရဲ့ အက်စစ်နဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။


အဆိုပါ အမျိုးသားနှစ်ဦးကပဲ သူတို့အပေါ်စွဲဆိုထားတဲ့ အမှုကို ရုတ်သိမ်းပေးဖို့ (၂၀၁၂)ခုနှစ်နဲ့ (၂၀၁၃)ခုနှစ်များမှာ သူမကို(၂)ကြိမ်အက်စစ်နဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လကအဆိုပါ အမျိုးသမီးဟာ သူမရဲ့သမီးဖြစ် သူနဲ့အတူခရီးသွားနေစဉ် ရထားပေါ်မှာ သူမကို အက်စစ်သောက်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။

အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေ အားလုံးအတွက် အမျိုးသားနှစ်ဦးဟာ တရားရင်ဆိုင်ခဲ့ရပေမယ့်၊ ဧပြီလက အာမခံနဲ့ လွှတ်မြောက်ခဲ့တယ်လို့ AFPသတင်းအေဂျင်စီက တင်ပြပါတယ်။ ဒီနှစ်အတွင်းအိန္ဒိယနိုင်ငံမှာ အက်စစ်နဲ့ တိုက်ခိုက်ခံရသူ ရာပေါင်းများစွာရှိတယ်လို့ အစိုးရကိန်းဂဏန်းများအရသိရပေမယ့်၊ အပြင်မှာ ဒီကိန်းဂဏာန်းများ ထက်ပိုများတယ်လို့ တက်ကြွလှုပ်ရှားသူများ
ကပြောကြားခဲ့ပါတယ်။

တိုက်ခိုက်ခံရသူများဟာ ဆိုးဆိုးရွားရွား မျက်နှာပျက်စီးသွားကြပြီး၊ အများစုဟာ မိန်းမများဖြစ်ကြတယ်လို့ စည်းရုံးလှုံ့ဆော်သူများရဲ့ပြောကြားချက်အရ သိရပါတယ်။ အက်စစ်ရောင်းချမှုကို ထိန်းချုပ်ဖို့အတွက် ဗဟိုတရားရုံးမှ(၂၀၁၃)ခုနှစ်က စည်းမျဉ်းစည်းကမ်း အသစ်များချမှတ်ခဲ့ပေမယ့်လည်းအက်စစ်များကို အပြင်မှာ အလွယ်တကူဝယ်ယူလို့ရနေတယ်လို့ ဝေဖန်ရေးသမားများရဲ့ပြောကြားချက်အရ သိရကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦး အက်စစ်နဲ့(၅)ကြိမ်မြောက် တိုက်ခိုက်ခံရ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦး အက်စစ်နဲ့(၅)ကြိမ်မြောက် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.