ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း တည်ဆောက်နိုင်ရန်စီစဉ်


ရန်ကုန် ဇူလိုင် ၃

ရန်ကုန်မြစ်၏ တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဇွန် ၂ ရက်က ကျင်းပသော မြန်မာနိုင်ငံလိုင်စင်ရ ကန် ထရိုက်တာများအသင်း၏ အသင်းသားစုံညီ အထူးအစည်းအဝေး တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စည်ပင်ယာသာ နယ်နမိတ်အတွင်း၌ ပါဝင်သော မြို့နယ် ၃၃ မြို့နယ်အား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အဆင့် မြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်လျက်ရှိပြီး ကိုရီးယားနိုင်ငံ၏ ချေးငွေဖြင့် ရန်ကုန်ဘက်အခြမ်းမှ ဒလဘက်အခြမ်းသို့ ဆက် သွယ်သည့် တံတားတစ်စင်းတည်ဆောက်ရန် စီမံကိန်းလုပ်ငန်း များ စတင်နေကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်တည်ဆောက်မှုနှင့်ပတ်သက်၍ ဝန်ကြီး ချုပ်က ပြောကြားရာတွင် ''ဒလမြို့ရဲ့ တစ်ဖက်ကမ်းကို ရန်ကုန် အထူးစီးပွားရေးဇုန် တည်ဆောက်နိုင်ဖို့အတွက် အကြိုလေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။တကယ်လို့ ရန်ကုန်မြစ် ရဲ့ တစ်ဖက်ကမ်း ဒလဘက်အခြမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန်ကြီးကို တည်ဆောက်နိုင်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုတင်ပြဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တကယ် လို့သာ အထူးစီးပွားရေးဇုန်ကြီး တည်ဆောက်နိုင်ခဲ့ပြီဆိုရင် သီလဝါတစ်ဖက်ကမ်းဘက်အခြမ်းမှာ ရန်ကုန်အထူးစီးပွားရေး ဇုန်ကြီး ပေါ်ထွန်းလာဖို့ ရှိပါတယ်။ ပေါ်ထွန်းလာဖို့အတွက်လည်း လေ့လာဆန်းစစ်မှုတွေ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်''ဟု ပြောကြားသည်။

ဆက်လက်၍ ဝန်ကြီးချုပ်က ''အထူးစီးပွားရေးဇုန်တွေဟာ အခွင့်အလမ်း ပိုမိုအားကောင်းပါတယ်။ နိုင်ငံခြားကနေ တင်သွင်း လာတဲ့ပစ္စည်းတစ်ခုကို နိုင်ငံတကာကို ပြန်ထုတ်မယ်ဆိုရင် အထူး စီးပွားရေးဇုန်ဟာ အခွန်ဆောင်စရာ မလိုပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း တစ်နေရာကို တင်သွင်းလာခဲ့တဲ့ ပစ္စည်း အားလုံးကို ပြည်ပကို ပြန်ထုတ်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းများ အလွန်ရှုပ်ထွေးပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်မှာ အထူးစီးပွား ရေးဇုန်တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်''ဟု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရန်ကုန်မြို့ သည် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း သုံးခုဆုံရာနေရာ တွင် တည်ရှိနေသော်လည်း ရေကြောင်းအသုံးပြုနိုင်မှု အားနည်း နေသေးကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသည် အင်္ဂလိပ်လက်ထက်မှ ဆောက်လုပ်ထားသော ဆိပ်ကမ်းများသာ ဖြစ်ကြောင်း သိရသည်။ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက် ရှိပြီး ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များတွင် ၂၄ နာရီ လေယာဉ် အတက်၊ အဆင်းပြုလုပ်နိုင်သော လေဆိပ်သစ်တစ်ခု တည် ဆောက်နိုင်ရန် လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့သစ် တည်ဆောက်ရေးစီမံကိန်းကို ယခုနှစ်မိုးရာသီအကုန်တွင် စတင် မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက် တာများအသင်းကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အသင်းဝင်ကုမ္ပဏီပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်း - ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း တည်ဆောက်နိုင်ရန်စီစဉ် ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် မြို့သစ်စီမံကိန်း တည်ဆောက်နိုင်ရန်စီစဉ် Reviewed by THITHTOOLWIN on 08:35 Rating: 5
Powered by Blogger.