ပြည်ကြီးတံခွန်​မြို့နယ်​တွင်​ စိတ်​ကြွရူးသွပ်​​ဆေးပြား (၁၂) သိန်းကျော် ဖမ်းဆီးရမိ


မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုထောင်တစ်​ခုအား မူးယစ်​​ဆေးဝါးဆက်​စပ်​သတင်းအရ ဇူလိုင်​လ ၅ရက်​​နေ့ နံနက်​ ၁၁နာရီအချိန်​ခန့်​က သက်​ဆိုင်​ရာ မူးယစ်​အဖွဲ့များက ဝင်​​ရောက်​ ရှာ​ဖွေခဲ့သည်​။

မူးယစ်​ဆေးဝါးတားဆီးနှိမ်​နှင်းရေးရဲတပ်​ဖွဲ့ တပ်ဖွဲ့ခွဲ ၁ မှ ဒုရဲမှူးကြီးကျော်ဆန်း ဦးစီးသည့်​ တပ်ဖွဲ့စု ၁၈ ရဲမှူးကိုကိုလေး၊ ဒုရဲမှူး လှ​ရွှေ၊ တပ်​ဖွဲ့စု ၁၇ မှ ရဲမှူး စိုင်းသိန်းဇော် တို့နှင့်​တပ်​ဖွဲ့ဝင်​များ၊ နယ်​မြေခံရဲတပ်​ဖွဲ့ဝင်​များ၊ သက်​​သေများ ပူး​ပေါင်းပါဝင်​​သောအဖွဲ့သည်​ မူးယစ်​တရားခံ ကျော်ဝင်း(ခ) လျိုရုန်းချမ်း၊ ၅၂နှစ်​၊(ဘ)ဦးလီအံဝမ်၊ တရုတ်​/လီဆူး၊ ကချင်​/ဗုဒ္ဓ၏ ပြည်ကြီးတံခွန်မြို့နယ်၊ သင်​ပန်းကုန်းရပ်​၊ ၅၈လမ်းနှင့်​ ဗညားဒလလမ်း​ထောင့်၊ ညည-၁၄(၇၂/၅၅-က၊ ခ)နေအိမ်​သို့ ​နေအိမ်​ရှာ​ဖွေခွင့်​ဝရမ်းနှင့်​အတူ ဝင်​​​ရောက်​ရှာ​ဖွေရာ ဆက်​စပ်​ဖော်​ထုတ်​ချက်​အရ ၎င်းအိမ်​ရှိ အိမ်​​စောင့်​လုပ်ကိုင်​​နေသူ အောင်မင်းထွန်းအား ခေါ်ယူ၍ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်​ကွက်​၊ ၆၀(ဘီ)လမ်း၊ မင်းကြီးရန်​​နောင်​လမ်းနှင့်​ မင်းရဲ​ကျော်​စွာလမ်းကြား၊ ညည(၂/၇၅)​ရှိ ကျော်ဝင်း (ခ) လျိုရုန်းချမ်းပိုင်​ ဂိုထောင်အား ထပ်​မံဝင်​​ရောက်​စစ်​​ဆေးရာ ဂိုထောင်မှာ သော့ပိတ်လျက် တွေ့ရှိရသဖြင့်​ သက်သေများ​ရှေ့တွင်​ သော့ဖျက်ဝင်ရောက်ရှာဖွေကြသည်​။


ထိုသို့ရှာ​ဖွေရာတွင်​ ယာဉ်အမှတ် 5E/5777 ပါ LINCOLN NAVIGATOR STATION WAGON (4X4) အမျိုးအစားအနက်​ရောင် ကား ၁ စီး၊ ယာဉ်အမှတ် 7K/7582 ပါ TOYOTA HIACE မီနီဘက်​စ်​ အဖြူရောင်ကား ၁ စီး၊ ၄င်းကားပေါ်မှ အ၀ါရောင် ဆာလာအိတ်​ဖြင့်​ထည့်ထားသည့်​ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၁၉)ထုပ်၊ စုစုပေါင်း ဆေးပြား (၁၁၄၀၀၀)ပြား၊ အလေးချိန် (၁၁.၄) ကီလိုဂရမ်၊ Spare Wheel ၂ လုံးအတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၇၅)ထုပ်၊ စုစုပေါင်းဆေးပြား (၄၅၀၀၀၀) ပြား၊ အလေးချိန် (၄၅)ကီလိုဂရမ်၊ ယာဉ်အမှတ် 2E/4168 TOYOTA HILUX SURF အမျိုးအစား အဖြူရောင် ကား ၁ စီးနှင့်​ ၄င်းကားပေါ်ရှိ Spare Wheel အတွင်းမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၆၀၀၀) ပြားစီပါ (၄၂)ထုပ်၊ (၂၀၀၀)ပြားစီပါ (၂)ထုပ်၊ စုစုပေါင်းဆေးပြား (၂၅၆၀၀၀)ပြား၊ အလေးချိန် (၂၅.၆) ကီလိုဂရမ် တို့ကို ကနဦးဖမ်းဆီးရမိသည်​။


၎င်း​နောက်​ ပူး​ပေါင်းအဖွဲ့သည် ညည (၁၄/၅၅)​ရှိ ကျော်ဝင်း၏ ​နေအိမ်ကို ဆက်လက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ ယာဉ်အမှတ် 2L/3059 နံပါတ်ပါ
CHEVROLET SPARK HATCH BACK အမျိုးအစား အနီရောင်အိမ်စီးကား ၁ စီး၊ ယာဉ်အမှတ် 4N/5777 နံပါတ်ပါ CHEVROLET SPARK HATCH BACK အမျိုးအစားအနက်ရောင်အိမ်စီးကား ၁ စီး၊ သော့ပိတ်ထားသည့်​ မီးခံသေတ္တာနှစ်လုံးအတွင်းမှ မြန်မာငွေစက္ကူ ကျပ်​သိန်း ၃၆၀၊ အလေးချိန် ၁၀ ကျပ်သားရှိ ရွှေတုံး ၁၂ တုံး၊ ရွှေလက်ကိုင်အိတ် ၁ လုံး၊ ဆွဲကြိုး၊ လက်စွပ်၊ ဆွဲသီး၊ နားကပ်၊ လက်ကောက်၊ စိန်လက်ကောက် ရွှေထည်မျိုးစုံ (ပန်းထိမ်မှတ်ကျောက်တင်စိစစ်ဆဲ)တို့ကို ရှာဖွေတွေ့ရှိခဲ့သည်​။

ဆက်​လက်​၍ မွန်းလွဲ ၃ နာရီအချိန်​ခန့်​တွင်​ သိမ်းဆည်းရမိသည့်​ မော်တော်ယာဉ် ၅ စီးအား မူးယစ်တပ်စု ၁၈သို့ ယူ​ဆောင်​ပြီး ကျွမ်းကျင်​ဝပ်ရှော့ဆရာများ၏ အကူအညီဖြင့့် အသေးစိတ် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ်အမှတ် 2E/4168 TOTOTA HILUX SURF ကားကြမ်းခင်း ဆီတိုင်ကီတွင်​ အံဝှက်ပြုလုပ်​၍ ထည့်​ထားည့်​ 88/1 စာတမ်းပါ ပန်း ရောင်စိတ်ကြွဆေးပြား (၆၀၀၀)ပြားစီပါ (၇၄)ထုပ်၊ စုစုပေါင်းဆေးပြား (၄၄၄၀၀၀)ပြား၊ အလေးချိန် (၄၄.၄)ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့်​ စိတ်​ကြွရူးသွပ်​​ဆေးပြား စုစုပေါင်း (၁၂၆၄၀၀၀)ပြား ဖမ်းဆီးရမိခဲ့​သည်​။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ မူးယစ်​​ဆေးဝါးများ လက်​ဝယ်​​တွေ့ရှိသူ ကျော်ဝင်း(ခ)လျိုရုန်းချမ်း၊ ၎င်း၏ ဇနီးဖြစ်​သူ မဖူး​ဝေခိုင်​၊ အ​စောင့်​ဖြစ်​သူ အောင်မင်းထွန်းတို့ကို အ​ရေးယူ​ပေးရန်​ ဇူလိုင်​လ ၆ရက်​​နေ့ နံနက်​ ၀၁၄၀ချိန်​တွင်​ ပြည်​ကြီးတံခွန်​မြို့မရဲစခန်း၌ မူးယစ်​တပ်​ဖွဲ့စု ၁၈ မှ ရဲအုပ်​ ​အောင်​​ဇော်​မြင့်​မှ တရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​ ရဲစခန်း မယ(ပ)၃၅၊ မူးစိတ်ပုဒ်​မ- ၁၅/၁၉(က) /၂၀(က) / ၂၁ဖြင့်​ အမှုဖွင့်​ အ​ရေးယူထားရှိပြီး ဖမ်းဆီးရမိထားသူများကို လိုအပ်​​​သော စစ်​​ဆေးမှုများ
ဆောင်​ရွက်​၍ အမှုမှ ကွင်းဆက်တရားခံများ ​ဖော်​ထုတ်​ ဖမ်းဆီးနိုင်​​ရေး ဆောင်ရွက်လျက်​ရှိ​ကြောင်း သိရသည်​။

Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ပြည်ကြီးတံခွန်​မြို့နယ်​တွင်​ စိတ်​ကြွရူးသွပ်​​ဆေးပြား (၁၂) သိန်းကျော် ဖမ်းဆီးရမိ ပြည်ကြီးတံခွန်​မြို့နယ်​တွင်​ စိတ်​ကြွရူးသွပ်​​ဆေးပြား (၁၂) သိန်းကျော် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.