ပြည်မြို့နယ်အတွင်း သွားလာရာတွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်း မပြုလုပ်ရန်ကြေညာချက်ထုတ်


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်း ပြည်သူများ သွားလာရာတွင် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြင်း မပြုရန် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

 ပြည်မြို့နယ်အတွင်း ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းတို့တွင် လူသတ်မှု၊ အုပ်စုဖွဲ့၍ ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်နီးပါးဖြစ်နေခြင်းကြောင့် လက်နက်မကိုင်ဆောင်ရန် ဇူလိုင် ၃ ရက်မှ စတင်ကာ ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် လိုက်လံကြေညာနေကြောင်း သိရသည်။
“လူငယ်တွေ တုတ်၊ ဓားလက်နက်ကိုင်ဆောင်တာ သူတို့မှာအပြစ်မရှိဘူးလို့ သူတို့စိတ်ထဲထင်နေမှာစိုးလို့ ကျယ် ကျယ်ပြန့်ပြန့်နဲ့ အသိပေးမယ့် မနေ့ညကစပြီး မြို့နယ်အစီအစဉ်အပါအဝင် ရပ်ကွက်တွေအလိုက် သုံးရက်ဆက် တိုက်ကြေညာပါ့မယ်။ တုတ်၊ ဓားလက်နက်ကိုင်ဆောင်တာတွေ၊ ချွန်ထက်တဲ့အရာတွေ၊ လူကိုအန္တရာယ်ဖြစ်စေ တဲ့အရာတွေ ကိုင်ဆောင်တာတွေ့လို့ရှိရင် ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်မယ် ကြေညာပါတယ်။ ကြေညာပြီးရင်တော့ အရေးယူဆောင်ရွက်မှုတွေ စတင်မှာဖြစ်ပါတယ်။”ဟု ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး ဦမြတ်ကျော်က ပြောသည်။

ပြည်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အများပြည်သူသွားလာသည့်နေ ရာများတွင် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခြင်း၊ လူကိုအန္တရာယ်ပြုစေနိုင်သည့် ချွန်ထက်သော အရာ ဝတ္တုပစ္စည်းများ ကိုင်ဆောင်ခြင်းနှင့် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အသံကျယ်လောင်သည့် ပါဝါအိတ်ဇောများ၊ ဟွန်းများအသုံးပြု၍ ဆိုင်ကယ်စီးနင်းခြင်းများ မပြုလုပ်ရန်တားမြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
“အရက်ဆိုင်တွေကို ညအချိန်မတော်မဖွင့်ဖို့ အစည်းအဝေးခေါ် ပြောဆိုတာတွေလုပ်မယ်။ ပိတ်ဆို့ရှာဖွေရေး တွေလုပ်မယ်။ လှည့်ကင်းပတ်ကင်းတွေကိုလည်း တိုးချဲ့ဆောင်ရွက်သလို ပြည်သူလူထုကိုလည်း အသိပညာ ပေးတာတွေ ဆောင်ရွက်ဖို့ရှိတယ်။”ဟု ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က ပြောသည်။

ပြည်မြို့တွင် ဇွန် ၂၈ ရက်ညပိုင်းက ရိုင်ရယ်စတားကေတီဗွီတွင် အခန်းမရသည့် ပြဿနာမှစတင်ကာ အုပ်စုဖွဲ့၍ တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးမှုများကြောင့် လူတစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရခြင်း၊ ဇွန် ၂၉ ရက် ညက နဝင်းရပ် ကွက်၊ ရုပ်တုတ်ကွမ်းယာဆိုင်ရှေ့တွင် စကားများရာမှ ဓားထိုးမှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာရခြင်း၊ ဇွန် ၃၀ ရက်၊ ညပိုင်းတွင် လှိုင်းဧရာ စင်တင်စားသောက်ဆိုင်၌ အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားခြင်းတို့ကြောင့် လူနှစ်ဦးဒဏ်ရာရခြင်း များအပြင် နောက်ပိုင်းရက်များတွင် မြို့တော်ခန်းမရှေ့၌ ပုလင်းကွဲဖြင့်ထိုးမှုနှင့် အုပ်စုဖွဲ့ရမ်းကားမှုများလည်း ရှိ နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပြည်မြို့နယ်အတွင်း သွားလာရာတွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်း မပြုလုပ်ရန်ကြေညာချက်ထုတ် ပြည်မြို့နယ်အတွင်း သွားလာရာတွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ခြင်း မပြုလုပ်ရန်ကြေညာချက်ထုတ် Reviewed by THITHTOOLWIN on 17:40 Rating: 5
Powered by Blogger.