ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာချောင်းအတွင်း စတုတ္ထတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာချောင်းအတွင်း ဇူလိုင် ၂ ရက်၊ ညနေ(၃)နာရီကျော်က ကလေးများ ရေဆင်းကူးရာ(၁၀)နှစ်အရွယ် စတုတ္ထတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကော့ဘိန်းနယ်မြေရဲစခန်းမှ သိရှိရသည်။

 ရေနစ်သေဆုံးခဲ့သူသည် ကော့ဘိန်းကျေးရွာမှ ဦးချစ်လွန်နှင့် ဒေါ်ဒွန်ထောတို့၏သား ကော့ဘိန်းမူလွန်ကျောင်း တွင် စတုတ္ထတန်းတက်ရောက်သင်ကြားနေသော မောင်စွန်ရော်ထောဆိုသူဖြစ်ကြောင်း သိရသည်။
“ရင်ခွဲစစ်ဆေးပြီးပါပြီ။ အားလုံး စစ်ဆေးတွေ့ရှိချက်တွေအရ ရေနစ်သေဆုံးမှုပါပဲ။ ဆရာဝန်လက်မှတ်ယူပြီးတာ နဲ့ ဒီနေ့ပဲ ကလေးကို သင်္ဂြိုလ်ဖို့ သူ့မိဘတွေစီစဉ်နေပါတယ်။”ဟု ကော့ဘိန်းနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လင်းက ပြောသည်။

 မောင်စွန်ရော်ထောသည် အတန်းဖော်သူငယ်ချင်းများနှင့်အတူ အနက်(၁၀)ပေခန့်နှင့် အကျယ် ပေ(၄၀) ခန့်ရှိ ကော့ဘိန်းချောင်းဝအတွင်း ရေကူးကြစဉ် မောင်စွန်ရော်ထော ပျောက်ဆုံးသွားသဖြင့် အတူရေကူးနေသူများက လူကြီးများအား အသိပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရွာသားများ၊ ကျေးရွာလူမှုကူညီရေးအသင်းဝင်များက ချောင်းအတွင်း ဝိုင်းဝန်းရှာဖွေကြရာ မောင် စွန်ရော်ထောကို ကလေးများ ရေကူးသည့် နေရာနှင့် ကိုက်(၂၀)ခန့်အကွာ ချောင်းအတွင်းမှ သေဆုံးလျက် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။

အဆိုပါ အလောင်းအား ကော့ဘိန်းနယ်မြေရဲစခန်း၊ စခန်းမှူးရဲအုပ်ဇော်လင်းနှင့် တာဝန်မှူးဒုရဲအုပ် ကျော်ညီညီ ဝင်းတို့က သက်သေများနှင့် အတူပြင်ပ ဒဏ်ရာများရှိ၊ မရှိ၊ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ကြည့်ရှု စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ခု မတွေ့ရှိရသဖြင့် ကျန်းမာရေးဌာနက အသေးစိတ် ပြန်လည်စစ်ဆေးပေး နိုင်ရန် အလောင်းအား ရဲဆေးစာဖြင့် ကော့ဘိန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရာ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာ ရဲဇာနီဝင်းက ဇူလိုင် ၃ ရက်၊ နံနက်(၉)နာရီတွင် ရင်ခွဲစစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်၍ ကော့ဘိန်းနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်လင်းက တရားလိုပြုလုပ်ကာ သေမှု သေခင်းအမှတ် ၃/၂၀၁၇ ဖြင့် အမှုရေးဖွင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကော့ဘိန်းနယ်မြေ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာချောင်းအတွင်း စတုတ္ထတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာချောင်းအတွင်း စတုတ္ထတန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.