အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မောင်တောမှာ ဆွေးနွေးပွဲပြုလုပ်

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသအခြေအနေနဲ့ပတ်သက်ပြီး ဇူလိုင်လ ၆ ရက်နေ့က မောင်တောမြို့မှာ လူထုဆွေးနွေးပွဲ ပြုလုပ်စဉ်။ ဓါတ်ပုံ - နေ ဇော် လင်း
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတွေမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နဲ့ ပတ်သက်ပြီး မြို့နယ် ၃ ခုက အရပ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို မောင်တောမြို့ သာသနာ့ဗိမာန်မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဒေသတွင်းက လူနည်းစုတိုင်းရင်းသားတွေ လုံခြုံရေးအပြည့်အဝ ရရှိရေးကိစ္စတွေကို အလေးထား ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မောင်တောမြို့နယ် အရေးပေါ်ကူညီရေး ကော်မတီ ဒုဥက္ကဌ ဦးမောင်ခင်ဝင်း က ပြောပါတယ်။

"ဒေသအတွင်းမှာ ကောလာဟလသတင်းတွေ ထွက်လာတယ်၊ တိုင်းရင်းသားတွေလည်း မကြာခဏ သတ်ဖြတ်ခံရတယ်၊ အဲဒီကိစ္စတွေအပေါ်မှာ ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်"

မကြာသေးခင်က မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားနှစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့အတွက် လူနည်းစုတိုင်းရင်းသားတွေအကြား နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြရတဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်မှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ပြည်သူ့စစ်တွေ ဖွဲ့စည်းဖို့အပြင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားသူတွေအတွက် အဓိကတရားခံတွေကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးအရေးယူပေးဖို့၊ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးဖို့တွေကို ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ အကြမ်းဖက်မှုတွေကို တိုးပွားလာစေတာကြောင့် အကူအညီတွေကို ပြန်ရုပ်သိမ်းပေးဖို့၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့ စတဲ့အချက်တွေကို ဆွေးနွေးအတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ် ၃ ခုက လူပေါင်း ၂ဝဝ ကျော် တက်ရောက်ခဲ့ပြီးတော့ ဆွေးနွေးအတည်ပြုချက်တွေကို အစိုးရထံ တောင်းဆိုတင်ပြသွားမယ်လို့လည်း ဦးမောင်ခင်ဝင်းက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မောင်တောမှာ ဆွေးနွေးပွဲပြုလုပ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မောင်တောမှာ ဆွေးနွေးပွဲပြုလုပ် Reviewed by THITHTOOLWIN on 03:30 Rating: 5
Powered by Blogger.