ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို မိသားစုဝင်တွေ တွေ့ခွင့်ရ

သီပေါအကျဉ်းထောင်ကို တွေ့ရစဉ် Photo: Kan Thar/RFA
တအာင်းလွတ်မြောက်ရေးတပ်မတော်က ဦးဆောင်ကျင်းပတဲ့ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးရေး အခမ်းအနားကို သွားရောက်သတင်းယူခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းသမား ၃ ဦးကို သူတို့ရဲ့ မိသားစုဝင်တွေက ဒီနေ့ အကျဉ်းထောင်မှာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

DVB သတင်းဌာနက အကြီးတန်းသတင်းထောက် ဦးအေးနိုင်ကို မိသားစုဝင်တွေက သီပေါအကျဉ်းထောင်မှာ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ပြီး ကျန်းမာရေးကောင်းမွန်တာကို တွေ့ခဲ့ရတယ်လို့ ဦးအေးနိုင်ရဲ့ အကိုတော် စပ်သူ ဦးစန်းဝင်းက ပြောပါတယ်။

"ဒီမနက်တွေ့တာ။ ကျန်းမာရေးက ကောင်းပါတယ်တော်တော်။ ကျန်းမာပါတယ် လန်းလန်းဆန်းဆန်းပါပဲ။ ဝင်တွေ့ဖို့က လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဝင်သွားတယ်လေ။ တွေ့တာကတော့ နာရီဝက်လောက် တွေ့ရပါတယ် ။ မိသားစုဝင် နှစ်ဦးပေါ့။ အမနဲ့ ကျနော်နဲ့ ။ တစ်ပတ်မှာ တစ်ရက်ပဲ တွေ့လို့ရတယ်။ ဘယ်နေ့တွေ့တွေ့ တွေ့ လို့ရတယ်ခင်ဗျ"

DVB သတင်းဌာနက ကိုပြည့်ဘုန်းနိုင်ရဲ့ မိသားစုဝင်တွေက မနက်ဖြန် သီပေါအကျဉ်းထောင်ကို သွားရောက် မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိမိက သီပေါအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဦးသိန်းဇော်ထံ ဒီနေ့ သွားရောက်ပြီး ရှေ့နေလွှဲစာသွားယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့က TNLA ကကျင်းပတဲ့ မူးယစ်ဆေးဝါး တိုက်မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကအပြန်မှာ နမ့်ဆန်ကနေ သီပေါကိုသွားတဲ့လမ်းမှာ သတင်းသမား ၃ ဦးနဲ့ ယာဉ်မောင်း ၃ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးခဲ့ပြီး ဇွန်လ၂၈ ရက်နေ့မှာ သီပေါမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး သီပေါအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာ ဖြစ် ပါတယ်။

သတင်းသမားသုံးဦးနဲ့ ဖမ်းဆီးခံထားရတဲ့ ယာဉ်မောင်းသုံးဦး စုစုပေါင်း ၆ ဦးလုံးကို လာမယ့် ဇူလိုင်လ ၁၁ ရက် နေ့မှာ သီပေါမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို မိသားစုဝင်တွေ တွေ့ခွင့်ရ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေကို မိသားစုဝင်တွေ တွေ့ခွင့်ရ Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.