ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရောင်နီဦးဆိပ်ကမ်း သွားရောက်ခဲ့သည့် ဦးလှမြင့် (ခ) နူရှုမာမောက်နှင့် အဖွဲ့ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွား၊ တရားခံများအား ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ


ဇူလိုင် ၄၊ ၂၀၁၇

စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ဝါစက်လမ်းတွင် ယနေ့ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းပြီး တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး အခြားနေရာများသို့ ပဋိပက္ခပြန့်ပွားကူးစက်ခြင်း မရှိစေရန် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့ဝင်များ ဖြန့်ခွဲချထားလျက်ရှိကြောင်း သိရသည်။

ကနဦး သိရှိရသည့် သတင်းများအရ ဖြစ်စဉ်မှာ ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဦးမြင့်နိုင်ပါ ၁၀ ဦး သည် စစ်တွေမြို့ တရားရုံး ရာကြီးအမှတ် ၈၉၂/၁၇ အမှုမှ သက်သေခံရန်အတွက် မှန်စီ လုံခြုံရေးရဲကင်းမှ တပ်ကြပ်နိုင်နိုင်နှင့် တပ်သားစိုးဝင်းတို့နှင့်အတူ ယာဉ်အမှတ် (8J-1838) စူပါကာစတန် မော်တော်ယာဉ် ဖြင့် တရားရုံးသို့ သက်သေထွက်ဆိုရန် ထွက်လာစဉ် ၎င်းယာဉ်နောက်မှ ကပ်လျက် လှရွှေ (ခ) မိုဟာမတ် တူဆောင်း မောင်းနှင်၍ ဦးလှမြင့် (ခ) နူရှုမာမောက် ၆၅ နှစ်၊ သိန်းကျော် (ခ) အဒူရာမာန် ၂၅ နှစ်၊ အဒူဒါရစ်၂၇ နှစ်၊ မောင်မောင်ရှည် (ခ) အဒူမာလိတ် ၅၅ နှစ်၊ မောင်သန်းကျော်(ခ) အဒူရာမောက် ၂၅ နှစ်၊ မောင်နု (ခ) မော်နီရာမောက် ၅၅ နှစ်တို့အဖွဲ့ လိုက်ပါလာသော Super Custom မော်တော်ယာဉ် (8J- 1739)မှာ သက်သေခံရန် သက်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့အစီအစဉ်ဖြင့် တရားရုံးသို့ လိုက်ပါလာခဲ့သည်။


၎င်းတို့အဖွဲ့စီးလာသည့် Super Custom မော်တော်ယာဉ်သည် တရားရုံးမှ ၎င်းတို့ အစီအစဉ်ဖြင့် ပြန်လာခဲ့ကာ စစ်တွေ အမှတ်(၂) ရဲစခန်းသို့ သွားရောက်ပြီး လုံခြုံရေးလိုက်ပါပေးရန် အကူအညီ တောင်းခံသဖြင့် ရဲတပ်သား တစ်ဦးအားလိုက်ပါစေခဲ့သည်။ အဆိုပါ မော်တော်ယာဉ်သည် ရွာကြီး မြောက်ရပ်ကွက် မီးခြစ်စက်လမ်း ရောင်နီဦးဆိပ်ကမ်းသို့ မော်တော်ဟောင်း တစ်စီးဝယ်ယူရန် ဆိပ်ကမ်းတစ်ဝိုက်ကြည့်ရှုနေစဉ် ဒေသခံအချို့မှ ခဲများဖြင့် ဝိုင်းဝန်း ပေါက်ခဲ့ရာ မောင်နု (ခ) မောင်နီရာမောက် ၅၅ နှစ်သည် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ ဒဏ်ရာများ ရရှိခဲ့၍ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ညနေ ၆ နာရီခွဲတွင် ဒဏ်ရာရရှိသူ ၆ ဦးအနက် ၂ ဦးအား အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသလျက်ရှိပြီး ကျန် ၄ ဦးအား ဒါးပိုင်ကယ်ဆယ်ရေးစခန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပို့ဆောင်ပေးခဲ့သည်။


ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရဲလုံခြုံရေးတောင်းခံကာ ရောင်နီဦးဆိပ်ကမ်း သွားရောက် ခဲ့သည့် နောက်ခံအကြောင်းများ၊ ရောင်နီဦး ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အမှန်၊ ခဲများဖြင့် ဝိုင်းဝန်းပစ်ပေါက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စသည်တို့ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ရောင်နီဦး ဆိပ်ကမ်းဖြစ်စဉ်ကြောင့် အခြားနေရာများသို့ ပဋိပက္ခ ပြန့်ပွားကူးစက်ခြင်းမရှိစေရန် စစ်တွေမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲချထားလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရောင်နီဦးဆိပ်ကမ်း သွားရောက်ခဲ့သည့် ဦးလှမြင့် (ခ) နူရှုမာမောက်နှင့် အဖွဲ့ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွား၊ တရားခံများအား ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရောင်နီဦးဆိပ်ကမ်း သွားရောက်ခဲ့သည့် ဦးလှမြင့် (ခ) နူရှုမာမောက်နှင့် အဖွဲ့ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွား၊ တရားခံများအား ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.