မူဆယ်တွင် မိုးရွာသွန်း၍ နေအိမ်ပြိုကျ လူသေဆုံး

မူဆယ် ဇွန် ၂

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေတိုက်စားကာ မြေပြိုမှုကြောင့် ဟိုမွန်ရပ်ကွက်၊ ၄၅ ကုန်း၊ လမ်းသွယ် ၈ ရှိ နေအိမ်တစ်လုံး ပြိုကျပြီး ၃ ဦး ဒဏ်ရာရ၊ (၁)ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် မြေပြိုကျမှုကြောင့် အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ပြီး သွပ်မိုး၊ ထရံကာ ၄ ခန်းတွဲ အိမ်တန်းလျား တစ်လုံးအတွင်း မပိုးအိစံ (၁၈ နှစ်)(ဘ) ဦးသာဇံ၊ ဗမာ၊ ဗုဒ္ဓ(ကျပန်းလုပ်)မှာ မြေပြို၍ နဖူးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းပိပြား ဒဏ်ရာများ ရရှိခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး၊ ကိုဇင်စိုးမှာ ပြင်ပ ဒဏ်ရာမရှိဘဲ သတိလစ်မေ့မျော(စိုးရိမ်ရ)အခြေအနေဖြင့် မူဆယ်ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့်ဒဏ်ရာရရှိသော ဒေါ်ခင်ချို၊ ကိုဟန်ဇော်ထွန်းတို့မှာ မူဆယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။


အဆိုပါမြေပြိုကျသည့်နေရာသို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မူဆယ်ခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များမှ အချိန်မီသွားရောက်၍ ကုသရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အယ်လ်စိုး (IPRD)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မူဆယ်တွင် မိုးရွာသွန်း၍ နေအိမ်ပြိုကျ လူသေဆုံး မူဆယ်တွင် မိုးရွာသွန်း၍ နေအိမ်ပြိုကျ လူသေဆုံး Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.